ဒီနေ့ကျမ်းစာတို့၏ အဓိကအချက်သည် နှုတ်ဆက်စကားထက် အားပေးစကား အကြောင်းများပင် ဖြစ်ပါတယ်။ ပထမကျမ်းနှင့် ဧဝံဂေလိကျမ်းတို့၌ စိန့်ပေါလ်နှင့် ခရစ်တော်ကိုယ်တိုင် သူတို့၏ နောက်လိုက်များကို ဆုံးမခဲ့သော အားပေးစကားများကိုသာ အဓိကထားပြီး ကျွန်တော်တို့တွေကိုလည်း အားပေးနေခြင်း ဖြစ်ပါတယ်။ လူတိုင်း ခွဲခွာခဲ့ဖူးကြပါတယ်။ နှုတ်ဆက်စကားလည်း ပြောခဲ့ဖူးကြပါတယ်။ နှုတ်ဆက်စကားလို့ ပြောကြပေမဲ့ လမ်းခွဲစကား ပြောဖူးသူ ရှားပါးလိမ့်မယ်။ လမ်းခွဲစကားပြောသူသည် နှုတ်ဆက်စကားကို ပြောလေ့မရှိပါ။ လမ်းခွဲစကားသည် သွေးခွဲစကား ဖြစ်စေတတ်သောကြောင့် ဝေးကွာခြင်းကို ဖြစ်စေတယ်။
ထို့ကြောင့် ဒီနေ့ စိန့်ပေါလ်နှင့် ခရစ်တော်ကိုယ်တိုင် ပြောခဲ့ကြသော နှုတ်ဆက်စကားတို့သည် အားပေးစကားများသာဖြစ်၍ အနေဝေးကြပေမဲ့ ပိုပြီးနီးစပ်မှုကို ဖြစ်စေတတ်ပါတယ်။ အားငယ် အားနည်းချိန်တွေမှာ အားပေးစကားများသာလျှင် အားပေးဖော် ဖြစ်လာတတ်ကြပြီး ပိုမိုနီးစပ်မှုနှင့်အတူ ခွန်အားများကို ဖြစ်ပေါ်စေပါတယ်။
စိန့်ပေါလ်က အားပေးသည်မှာ “ဘုရားရှင်နောက်လိုက် အချင်းချင်း ညီအစ်ကို မောင်နှမ စိတ်ဓာတ်ကို ခိုင်မြဲစေခြင်းဖြင့် ယုံကြည်ခြင်းလမ်းခရီး အဆုံးတိုင် ဇွဲရှိရှိ တည်မြဲနိုင်ဖို့ အသင်းတော်အတွင်း စည်းစည်းလုံးလုံး နေထိုင်တတ်ကြဖို့ အရေးကြီးကြောင်း” သတိပေးရင်း အားပေးနေပါတယ်။ ထိုနည်းတူ ခရစ်တော် ကိုယ်တိုင်လည်း တပည့်တော်ကြီးများအား ဧဝံဂေလိ သတင်းကောင်းကို ဆက်လက်ဖြန့်ချီရာ၌ ကြောက်ရွံ့ စိုးရိမ်ပူပန်မှုတွေ မဖြစ်ကြဖို့နှင့် ယုံကြည်ခြင်းဖြင့် ဘုရားရှင်နှင့် အမြဲပေါင်းစပ် နေနိုင်ကြပြီး စစ်မှန်ငြိမ်းချမ်းသော လူ့ပတ်ဝန်းကျင် အသိုင်းဝန်းကို ဖန်တီးတတ်ကြ၍ တပါးသူများ၌ ဆက်လက် လက်တွဲရင်း အသက်ရှင်သော ဘုရားကို သက်သေခံနိုင်သူများ ဖြစ်နိုင်ကြဖို့ နှိုးဆော် တိုက်တွန်း အားပေးနေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် ချစ်ခြင်းဝေသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ကြခြင်းဖြင့် ငြိမ်းချမ်းခြင်းကို ဖန်တီးနိုင်သော ဘုရားရှင်၏ နောက်လိုက်ကောင်းများအဖြစ် ကြိုးစားကြပါစို့။
#Fr.ဂျော့ရှ် ဖေမာန် (OP)