ဖာရီဇေးဦးတို့က ဘုရားသခင်၏ နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် မြင်နိုင်သော လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။ ကြည့်ကြ၊ ၄င်းသည် ဤအရပ်၌ ရှိ၏၊ သို့မဟုတ် ထိုအရပ်၌ရှိ၏ ဟူ၍လည်း သူတို့ မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။
ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသား၏ နေ့ရက်များ ထဲမှတစ်ရက်ကို မြင်တွေ့လိုသောအချိန် ရောက်လာလိမ့်မည်။ သို့သော်လည်း ထိုနေ့ရက်ကို သင်တို့မြင်ကြ ရလိမ့်မည်မဟုတ်။ ထိုအခါ လူတို့က ကြည့်လော့။ ထိုအရပ်တွင်ရှိ၏။ သို့မဟုတ် ဤအရပ်တွင်ရှိ၏ဟု သင်တို့အား ဆိုကြလိမ့်မည်။ သို့သော် မသွားကြနှင့်၊ ထိုသူတို့၏နောက်သို့ မလိုက်ကြနှင့်။ အကြောင်းမှုကား ကောင်းကင်တဖက်မှ ထွက်ပေါ်လာသော လျှပ်စီးလက်ခြင်းသည် ကောင်းကင်တခြား တစ်ဖက်တိုင်အောင် လင်းဖြာသကဲ့သို့ လူသားသည် မိမိ၏နေ့ရက်တွင် ကြွလာသောအခါ၌လည်း ထိုနည်းအတိုင်း ဖြစ်လိမ့်မည်။ သို့ရာတွင် သူသည် ပထမဦးစွာ ဒုက္ခဆင်းရဲများကို ခံယူ၍ ဤလူမျိုးဆက်၏ ငြင်းပယ်ခြင်းကိုလည်း ခံရလိမ့်မည်။
(ထောက်ရှုချက်) ယနေ့ ကျမ်းစာတော်မြတ်၌ ခရစ်တော်သခင် မိန့်တော်မူသည့် "ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့ အလယ်၌ တည်ရှိသောကြောင့်တည်း " ဟူသော နှုတ်တော်ထွက်စကားသည် ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် အလွန်ဝမ်းမြောက်ဖွယ်ရာ စကားဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဆေးကြောခြင်း မင်္ဂလာအားဖြင့် ခရစ်တော်ကို ယုံကြည်လက်ခံလာကြ၍ ကိုယ်တော်၏ နိုင်ငံတော်ကို အမွေရကြသူများ ဖြစ်သည်။ ခရစ်တော်သခင်သည် ကျွန်ုပ်တို့၏ ထာ၀ရအသက်ဖြစ်၏။ သံယောဟန် ၃း ၁၅ခ "ခရစ်တော်၌ ယုံကြည်သောသူဟူသမျှသည် ထာ၀ရအသက်ကို ရလိမ့်မည်။" သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ ဘ၀အသက်တာ၌လည်း ဖာရီဇေးဦးများကဲ့သို့ ကြွလာတော်မူသော ခရစ်တော်ကို လက်ခံယုံကြည်မှုမရှိဘဲ ကောင်းကင်နိုင်ငံတော် ထာဝရသုခချမ်းသာကို လက်လွတ်ဆုံးရှုံးနေသူများ မဖြစ်စေရန် ကျွန်ုပ်တို့အလယ်၌ အသက်ရှင်တော်မူသော ဧမာနူအဲလ်ဘုရားရှင်အား ယုံကြည်ခြင်းဖြင့် ဘဝတစ်လျှောက်လုံး လက်ခံနိုင်ကြရန် ကျေးဇူးတော် တောင်းခံကြပါစို့။
ဆုတောင်းကြစို့
ဆာလံ ၁၄၅း ၁၃-၁၄
ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်ရှိသော နိုင်ငံတော်ဖြစ်၍ ကိုယ်တော်၏ ဘုန်းအာဏာတော်သည်လည်း လူမျိုးအစဉ်အဆက် တည်တော်မူပါ၏။ထာ၀ရ ဘုရားသခင်သည် မိမိ၏ ကတိတော်အားလုံး၌ သစ္စာတည်၍ မိမိပြုလုပ်သော အမှုတို့၌ ဂရုဏာမေတ္တာတော်ကို ပြတော်မူ၏။
ထာဝရဘုရားရှင်အား ကမ္ဘာဆက်ဆက် ဘုန်းတော်ဂုဏ်တော် ရှိပါစေ။ အာမင်
ခရစ်တော်၏အသွေးတော်၌
#စစ္စတာရ်လူစီဇာခြည်ဦး (SPS)