ပြည့်စုံသောလူသားတွေ မဟုတ်သောကြောင့် ပြုမိသော အမှားပေါ်မှာ သင်ခန်းစာယူရင်း ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲချင်သော သူတိုင်းကို ဘုရားရှင် ကောင်းကြီးပေးပြီး ခွန်အားများစွာ ပေးလေ့ ရှိပါတယ်။ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ပြုခြင်းသည် ဘုရားအလိုတော် အတိုင်းမို့ ဘုရားရှင်နှင့်အတူ တလုံးတဝတည်း ရှိနေခြင်းကို ဖြစ်စေပါတယ်။ ပြုပြင်ပြောင်းလဲခြင်းဆိုရာ၌ ကိုယ့်အတ္တဆန်မှုတွေ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးဖယ်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ ကြိုးစား စွမ်းဆောင်ခြင်းသည် တပါးသူတွေနှင့် တလုံးတဝ ဖြစ်ခြင်းကို ဖန်တီးနေတာမို့ မင်္ဂလာရှိသော အပြုမူပင် ဖြစ်ပါတယ်။ ထိုအဖြစ်ကို ပထမကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဂျူးလူမျိုး မဟုတ်သော အခြားသော လူမျိုးတွေ အသင်းတော် အသိုင်းအဝန်းထဲ ပါဝင်ခွင့် ပေးသင့် မပေးသင့် ဇဝေဇဝါ ဖြစ်ခဲ့ကြပြီးနောက် ဘုရားရှင်အပေါ် ယုံကြည်ခြင်းကို အခြေခံပြီး ခွဲခြားခြင်းထက် စည်းလုံးခြင်းသာလျှင် အသက်ရှင်သန်ရာ သွေးကြောဖြစ်ကြောင်း နားလည်လက်ခံခဲ့ကြပြီး လူမျိုးခြားတွေကိုပါ နားလည် လက်ခံကြိုဆိုခြင်းတွေ ပြုခဲ့ကြပါတယ်။ ထိုကဲ့သို့ အပြုအမူတွေကို ပြုခြင်းဖြင့် ကျွန်တော်တို့တတွေ ဘုရားရှင်၌ တလုံးတဝတည်း ရှိနေကြသည်မို့ ဧဝံဂေလိကျမ်းမှာ စိန့်ဂျွန် ပြောသလို စပျစ်နွယ်ပင်ဖြစ်သော ဘုရားရှင်၏ အကိုင်းအခက်များ ဖြစ်လာကြသည် သာမက အသီးများစွာ သီးသော တပည့်နောက်လိုက်ကောင်းများ၊ အများအကျိုးပြုသော ဘုရား၏ သားသမီးများအဖြစ် အမြဲတည်နေကြမည်သာ ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)