“ဘုရားရှင်၏ ကြီးမားသော ကောင်းမြတ်တော်မူခြင်း လက်ရာတော်များကို ကမ္ဘာအရပ်ရပ်သို့ ကြားသိစေကြလော” ဟု ဒီနေ့ဆာလံကျမ်းမှ နှိုးဆော်ပေးနေပါတယ်။ ပထမ ကျမ်းစာတော်မှာ တပည့်တော်ကြီးများသည် ထိုကဲ့သို့သော သတင်းကောင်းတော်များကို နေရာအနှံ့ သွားရောက် ဟောပြော သက်သေခံကြသော အဖြစ်ကို ဖော်ပြပေးနေတယ်။ စိန့်ပီတာနှင့် စိန့်ဂျိမ်းစ်တို့ လူမျိုးခြားတို့ဆီ သွားရောက်ကြပြီး ကယ်တင်ခြင်း သတင်းကောင်းတော်မြတ်ကို ဖြန့်ဝေခြင်း အဖြစ်များတို့ကို ပြောဆိုနေကြ သလိုဘဲ စိန့်ပေါလ်နှင့် ဘာနာဘာစ် တို့သည်လည်း ဂျူးလူမျိုးများ မဟုတ်သော အခြားလူမျိုးများတို့ဆီ သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ကြသော အဖြစ်အပျက်များတွေကို လိုက်လံ ဝေမျှခြင်းတွေ ပြုလုပ်နေခဲ့ကြသည့် အဖြစ်များတို့ကို အတုယူ ဆက်လက် လုပ်နိုင်ကြဖို့ ပထမ ကျမ်းစာတော်မှ ခွန်အား ပေးနေပါတယ်။ ဘုရားရှင်၏ အမှုတော် ဆောင်ခြင်းဟု ဆိုရာ၌ ယုံကြည်သူ များပြားလာအောင် စွမ်းဆောင် နိုင်ခြင်းထက် ယုံကြည်ခြင်း၏ အဓိကဖြစ်သော လူသားချင်း စာနာ ထောက်ထားမှု၊ ကိုယ်ချင်းစာတရား ထားရှိနိုင်ကြခြင်း၊ လိုအပ်နေသူတွေအား အားပေး၊ ကူညီ ဖေးမခြင်းတွေ ပြုခြင်းအားဖြင့် အချစ်ဖြစ်သော ဘုရားရှင်ကို လူတိုင်း တွေ့ထိ နားလည် လက်ခံ ကျင့်သုံး လာတတ်ကြဖို့ အချစ်သက်သေ ပြခြင်းကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ကူညီတတ်သော လက်များကို ယှက်ရင်း ဘုရားသခင်၌ တလုံးတဝတည်း ရှိနေကြခြင်း၏ အဓိပ္ပါယ်ပင် ဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုမှု ကျင့်ကြံ နေထိုင်တတ်ခြင်း၏ သဘောကို သခင်ခရစ်တော် ကိုယ်တော်တိုင် သက်ရှိထင်ရှား ရှိစဉ် ခမည်းတော်ဘုရားထံ ဆက်ကပ် ပြုမှု ကျင့်ကြံခဲ့သော လမ်းစဉ်များပင်ဖြစ်၍ ထိုနည်းတူ လိုက်ကျင့်နိုင်ကြဖို့ နောက်တော်လိုက် တပည့်တော်တိုင်းအား နှိုးဆော် ဖိတ်ခေါ်ခြင်း အကြောင်းကို ဧဝံဂေလိ ကျမ်းစာတော်မှာ ဆက်ပြီး ရှင်းပြထားပါတယ်။ ကောင်းမှုပြုခြင်း၌ တည်မြဲသော သူတိုင်းသည် စစ်မှန်ပြည့်စုံသော ပျော်ရွှင်မှုမျိုးကို ခံစားကြရမည်မှာ မုချ ဖြစ်ပါသည်။ ထိုပျော်ရွှင်မှုသည် ဘုရားရှင်ထံတော်မှ ဖြစ်လာသောကြောင့် ပြည့်စုံ စစ်မှန်သော ပျော်ရွှင်ခြင်း၌ပင် ဘုရားရှင်တော်မြတ်ကို ပိုမို သိနားလည် ကြပြီးတဲ့နောက် ဘုရားရှင် အလိုတော်ဖြစ်သော အားပေး၊ ကူညီ၊ ဖေးမခြင်း အမှုတော်တို့ကို ဆက်လက် လုပ်ဆောင် သက်သေခံနိုင် ကြမည်ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)