ဒီနေ့ ကျမ်းစာတော်အားဖြင့် ခရစ်ယာန်တစ်ယောက် ဖြစ်ရခြင်း အဓိပ္ပါယ်ကို ကျွန်တော်တို့ နားလည်ခွင့် ရရှိကြပါတယ်။ ခရစ်ယာန်တစ်ယောက် ဖြစ်လာတယ်ဆိုတာ လူမျိုး တစ်မျိုးမှ နောက်တစ်မျိုးသို့ အသွင်ကူးပြောင်း သွားတာမျိုးကို ဆိုလိုတာ မဟုတ်ပါ။ ခရစ်ယာန် ဖြစ်လာတယ်ဆိုတာ ကိုယ့်မှာ ရှိနေတဲ့ အဖြစ်အခြေနေမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ကိုယ်နှင့်နီးစပ်သော ပတ်ဝန်းကျင် အသိုင်းအဝန်း၌ အဓိပ္ပါယ်ရှိသော၊ အကျိုးပြုနိုင်သော သူဖြစ်အောင် ကြိုးစားနေထိုင် ပြုမူခြင်းပင် ဖြစ်ပါတယ်။ အိမ်ထောင်သည်များ သာမကဘဲ ဘာသာရေး အဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများတို့သည် လည်း ကိုယ်ရွေးခဲ့တဲ့ ဘဝအခြေအနေမှာ သစ္စာရှိရှိ အဆင်ပြေအောင် ကြိုးပမ်း အားထုတ် နေထိုင်၊ ရှင်သန်တတ်ခြင်းဖြင့် ကိုယ်နှင့်နီးစပ်သော ပတ်ဝန်းကျင်လေးကို အကျိုးပြုရင်း ဘဝ၏ အဓိပ္ပါယ်ကို အကောင်အထည် ဖော်နေကြခြင်းတို့သည် ခရစ်ယာန် ဖြစ်နေခြင်းပင် ဖြစ်ပါတယ်။ ခရစ်ယာန် ဖြစ်ခြင်းသည် ကိုယ်နှင့် နီးစပ်သောသူတွေ၊ လိုအပ်သူတွေအပေါ် အကျိုးပြုခြင်းဖြင့် ဘုရားကို ချစ်သော အချစ်နှင့် ကိုယ်နှင့် နီးစပ်သောသူတွေကို ချစ်ရမည် ဟူသော အကြီးမားဆုံးသော ပညတ်တော်ကို ကျင့်နေခြင်းကြောင့်ပင် ဖြစ်ပါတယ်။
ကိုယ်နှင့်နီးစပ်သူတွေအပေါ် အကျိုးပြုခြင်းအားဖြင့် ခရစ်ယာန် မိသားစုဝင် ဖြစ်လာသည်နှင့်အညီ ဘုရားရှင်၏ အချစ်ဝေသော မိသားစု အဖွဲ့ဝင်များ ဖြစ်လာကြပါတယ်။ ထိုကဲ့သို့အဖြစ်ကို ဧဝံဂေလိကျမ်းမှာ သခင်ယေဇူးကိုယ်တိုင် တပည့်တော်ကြီးတွေကို အစေခံများအဖြစ် မခေါ်ဘဲ မိတ်ဆွေများအဖြစ် အသိအမှတ်ပြုခြင်းဖြင့် ခွဲခြားဆက်ဆံခြင်း မရှိနိုင်သော မိသားစုသဘာကို သက်သေပြ ဆုံးမခဲ့သော စကားများထဲမှ သိနိုင်ကြပါတယ်။ မိတ်ဆွေစစ်များကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိပါ။ လျှို့ဝှက်မှုတွေနှင့်ပြည့်သော အသိုင်းအဝန်းသည် ခွဲခြား၊ သွေးခွဲသော အသိုင်းအဝန်းသာ ဖြစ်ပါတယ်။ ခရစ်တော် ကိုယ်တော်တိုင် ကျွန်တော်တို့ လူသားတွေအပေါ် ဘာမှ လျှို့ဝှက်မထားဘဲ ခမည်းတော်ဘုရား ထံတော်မှ ရရှိသမျှသော အရာအားလုံးကို ပြန်လည်မျှဝေ ပေးခဲ့ခြင်းဖြင့် မိတ်ဆွေစစ်များ ပြုသင့်သော အပြုအမူတို့ကို လက်တွေ့ ကျင့်ရင်း ထိုနည်းတူပြုမူနေထိုင် တတ်ကြဖို့ သင်ကြားပေးခဲ့ပါတယ်။ ထိုသို့ပြုမူနေထိုင်ပြီး အသက်ရှင်နေကြမယ်ဆိုရင် ဒီနေ့ကျမ်းစာတော်များ သွန်သင်ပေးသော ခရစ်ယာန်အစစ်များ ဖြစ်နေကြမည်မှာ သေချာပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)