Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-05-07 07:47:35
#မေလ (၈)ရက် / စနေနေ့ ၂၀၂၁
#ပထမကျမ်း / တမန်တော်ဝတ္တု (၁၆း ၁-၁၀)
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၅း ၁၈-၂၁)
#Fr.ဂျော့ရှ် ဖေမာန် (OP)
Posted by M Sulatthtwe

စိန့်ပေါလ် သူရေးခဲ့သော ဆုံးမစာတွေမှာ သူကိုယ်တိုင် ဘုရားအမှုတော် ထမ်းဆောင်နေစဉ်  ကြုံတွေ့ ခဲ့ရတဲ့ အခက်ခဲများ၊ အဟန့်အတားများနှင့် စိန်ခေါ် မှုများ အကြောင်းတွေကိုပါ ထည့်ရေးပေးလေ့ ရှိပါတယ်။ အကြောင်းမှာ ကျွန်တော်တို့ လျှောက်လှမ်းနေကြတဲ့ ဘဝမှာ အဆင်မပြေမှုတွေ၊ အခက်ခဲတွေ၊ အတားအဆီးတွေ၊ အစရှိတဲ့ များစွာသော စုံစမ်းခြင်းတွေ သေချာပေါက် ကြုံတွေ့နေကြမှာ ဖြစ်တဲ့အတွက်ကြောင့် ထိုအဖြစ်အခြေနေမှာ အားငယ်ခြင်း မရှိကြဘဲ ဇွဲမလျှော့သော စိတ်ဓာတ်ဖြင့် အဆုံးတိုင် ကြိုးစား လျှောက်လှမ်းနိုင်ကြဖို့ အားပေးနေခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများ Covid-19 ရောဂါ၏ ဆိုးကျိုးများနှင့်အတူ အတ္တဆန်ပြီး၊ လောဘအပြည့်နှင့် အာဏာရူး လူရိုင်းတို့၏ လူမဆန်သော မိုက်ရိုင်းမှုတို့ကြောင့် သွေးချောင်းတွေကြား အနာဂတ်အိမ်မက်တွေ ကြွေကျ၊ ပျောက်ကွယ် ခဲ့ရသော အဖြစ်ဆိုးတွေကို ခါးသည်းစွာ ခံနေကြရပါတယ်။ ဒါပမယ့် စိန့်ပေါလ် အားပေးနေပါတယ်၊ ဇွဲမလျှော့ လိုက်ကြဖို့၊ ဇွဲအပြည့်နှင့် အရှူံးမပေးတတ်သူတွေကို ဘုရားရှင် ပစ်မထားဘဲ ကျေးဇူးတော်ခွန်အား ပေးနေတဲ့အဖြစ်ကို သူ့ဘဝနှင့် ယှဉ်ပြီး အားပေးနေခြင်း ဖြစ်ပါတယ်။ ဖြေရှင်းလို့မရတဲ့ ပြသာနာဆိုတာမရှိပါ၊ ဖြေရှင်းတဲ့နေရာနှင့် အချိန်ခါမှာ ဘုရားရှင်၏အလိုတော်ကို နားလည်တတ်ဖို့၊ ဘုရားရှင်နှင့် အမြဲအတူရှိအောင် ကြိုးစားကြပြီး ဝိညာဉ်တော်၏ အလင်းကျေးဇူးတော်ကို လက်ခံတတ်ဖို့ အရေးကြီးကြောင်း ဆုံးမအားပေးနေခြင်း ဖြစ်ပါတယ်။ ယုံကြည်ခြင်းခရီးကို လျှောက်လှမ်းနေကြတာမို့ ခိုင်မာသော ခံယူချက်များနှင့် အဓိပ္ပါယ်ရှိသောဘဝကို ဖန်တီးနိုင်စွမ်းသည် အရှုံးမပေးတတ်ခြင်း၏ ရလဒ်ပင် ဖြစ်သောကြောင့် အခက်ခဲများကို ရင်ဆိုင်ရာ၌ ဘုရားကို ယုံကြည်အားကိုးတတ်ကြဖို့ အားပေးနေခြင်းလည်း ဖြစ်ပါတယ်။

ထိုကဲ့သို့ အခက်ခဲများစွာတို့ကို ဧကန်မုချ ကြုံတွေ့ကြရမည့် အဖြစ်များကို ဧဝံဂေလိ ကျမ်းစာတော်မှာ သခင်ခရစ်တော်ကိုယ်တိုင် နောက်လိုက် တပည့်တော်ကြီးများအား ကြိုတင် သတိပေးနေခဲ့ခြင်း ဖြစ်ပါတယ်။ ခရစ်တော်နောက်လိုက်ပြီး ခရစ်ယာန်ဖြစ်ဖို့ လွယ်ပေမဲ့ တကယ့်ခရစ်ယာန်အဖြစ် လက်တွေ့ ကျင့်တဲ့ အခြေနေဟာ မလွယ်လှပါ။ ဘယ်လို အခြေနေမျိုးတွေနှင့် ကြုံတွေ့နေပါစေ။ အပြုသဘောဖြင့် မေတ္တာတရားနှင့် တုံ့ပြန်တတ်ကြဖို့သည်သာ ခရစ်တော် အလိုရှိနေတာ ဖြစ်ပါတယ်။  အရေးကြီးတာက မုန်းစကို တိုနိုင်သလောက် တိုစေပြီး ချစ်စကို ရှည်နိုင်သလောက် ရှည်နိုင်အောင် ကျင့်တတ်ကြပြီး ငြိမ်းချမ်းသာယာသော ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ခြင်းဖြင့် ကျွန်တော်တို့ ယုံကြည်သော ဘုရားသခင် အမှန်ကန် အသက်ရှင်လျှက်ရှိကြောင်း သက်သေခံကြရင်း ခရစ်တော် နောက်လိုက်ကောင်းများ ဖြစ်နိုင်အောင် ကြိုးစားကြပါစို့။

#Fr.ဂျော့ရှ် ဖေမာန် (OP)

 

Daily Reflection