ဒီနေ့ သမ္မာကျမ်းစာတော်များမှ ခရစ်ယာန်တစ်ယောက်၏ ခေါ်တော်မူခြင်းအကြောင်းကို သေချာစွာ ရှင်းပြပေးထားပါတယ်။ ခရစ်တော် နောက်လိုက်ပြီး ခရစ်တော်ကို အတုယူတတ်ကြရင်း ခရစ်တော်ကဲ့သို့ ကျင့်ကြံအားထုတ် နေထိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ခရစ်ယာန် တစ်ယောက်အနေဖြင့် လိုအပ်နေသော သူများကို နေရာဒေသ၊ အချိန်ခါမရွေး အမြဲတတ်အားသရွေ့ ကူညီလိုသော စိတ်ဆန္ဒ ရှိနေသောသူ ဖြစ်နေရမည် ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာ အများကြီး မလိုပါ၊ လုပ်ပေးချင်သော စိတ်ဆန္ဒတခုသာ လိုအပ်ပါတယ်။ မျှော်လင့်ခြင်း မဲ့နေသူများအား ဝမ်းသာစရာကောင်းသော အားပေးစကား ပြောပေးခြင်း၊ စွန့်ပစ် အပယ်ခံ အထီးကျန်နေသူများအား အဖော်မွန် ပြုပေးခြင်း၊ အားငယ်နေသော သူများကို ဖေးမအားပေး ကူညီပေးခြင်း၊ အစရှိသော အတိုင်းမသိသော ချစ်ခြင်းမျိုးကို တစ်ပါးသူအား လိုအပ်နေချိန်မှာ ပေးကမ်း တတ်ခြင်းတို့သည် ခရစ်ယာန်ဖြစ်သူတိုင်း ပြုကျင့်ရမည့် ကျင့်စဉ်များသာ ဖြစ်ပါတယ်။
ဒီနေ့ သမ္မာကျမ်းစာ၏ ထောက်ရှုချက်အရ ခရစ်ယာန်မဟုတ်ဘဲ ခရစ်ယာန် ဖြစ်နေကြတဲ့သူတွေ အများကြီး ရှိနေတဲ့အဖြစ်ကို မီးမောင်း ထိုးပေးနေခြင်းဖြင့် ဘုရားရှင်၏ ကောင်းကြီး ကျေးဇူးတော်များသည် အချိန်၊ နေရာဒေသနှင့် အခြေနေများတို့ထက် ပိုနေကြောင်း သိသာနေပါတယ်။ ဘုရားရှင်၏ ကောင်းမြတ်တော်မူခြင်း ကျေးဇူးတော်များကို ဘယ်သူမှ ကန့်သတ်နိုင်ခြင်း မရှိသော အဖြစ်ကိုလည်း ထင်ရှားနေပါတယ်။ ထို့ကြောင့် ဘုရားရှင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံ ယုံကြည်သောသူတိုင်း ခွဲခြား ဆက်ဆံခြင်းများ မပြုသည့်အပြင် လူသားတိုင်းအပေါ် တူညီသော မေတ္တာတရားကို ထားခြင်းအားဖြင့် ဘုရားရှင်၏ ဂုဏ်တော်ကို ထင်ရှားစေကြရမည် ဖြစ်ပါတယ်။
ထိုကဲ့သို့ တစ်ပါးသူကို ချစ်နိုင်စွမ်းသော ကျေးဇူးတော်သည် ဘုရားရှင်ထံမှ ဖြစ်သည်။ အကြောင်းမှာ ဘုရားရှင်က ကျွန်တော်တို့ကို အဦးဆုံး ချစ်တော်မူသောကြောင့် ဖြစ်ပါတယ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၍ ထိုချစ်ခြင်းဖြင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူပြီး ထိုချစ်ခြင်းဖြင့်သာ ကျွန်တော်တို့ အချင်းချင်း ချစ်တတ်ကြဖို့ ကျေးဇူးတော်ခွန်အားလည်း ပေးတော်မူခဲ့တယ်။ သက်ရှိသတ္တဝါတိုင်း၏ ရှင်သန်ခြင်းသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာတော်မှ ဖြစ်တည် လာခဲ့ခြင်းဖြစ်၍ ချစ်ခြင်းမေတ္တာတော်၌ အမြစ်တည်ပြီး ရှင်သန်နေကြသော သတ္တဝါတိုင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာတရား ထားရှိခြင်းဖြင့် ရှင်သန် နေထိုင်တတ်ကြဖို့ အရေးကြီးပါတယ်။
ထိုကဲ့သို့ ချစ်ခြင်းမေတ္တာတရားကို အချင်းချင်း ဝေမျှခြင်းသည် ဘုရားရှင်၌ အသက်ရှင်နေခြင်းပင် ဖြစ်ပါသည်။ ထိုကဲ့သို့ ချစ်ခြင်းမျိုး ဝေမျှရာ၌ တစ်ခါတစ်လေ ကိုယ်ကျိုး စွန့်ရသည့်အပြင် အသက်ပါ ပေးဆပ်ရသည်အထိ ရုန်းကန် အားစိုက်ရတဲ့အထိ ရင်းနှီးမှုတွေ ပြုကြရတယ်။ ထိုကဲ့သို့ ပေးဆပ်ရသော အချစ်သည်လည်း ခရစ်တော်ကိုယ်တိုင် သက်သေပြခဲ့ပြီးတဲ့နောက် ထိုနည်းတူပြုကြဖို့ ဆုံးမခဲ့ပါတယ်။ သို့မှသာ အသီးအပွင့်ကို ပေးနိုင်သော ချစ်ခြင်းမျိုးစေ့ကို ချပေးနိုင်ကြမည် ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)