ခရစ်တော် နောက်လိုက်သော သူတိုင်း ကောင်းသော အပြုအမူများကို ကိုယ်ကျိုးမငှဲ့သော အချစ်မျိုးဖြင့် သာသနာ လုပ်ငန်းတော်၌ တက်ကြွစွာ ပါဝင်ကြဖို့ တာဝန်ရှိခြင်း အဖြစ်ကို ဒီနေ့ ပြန်သတိပေးနေခြင်း ဖြစ်ပါတယ်။ ထိုသို့ သာသနာလုပ်ငန်းတွင် ပါဝင်ရာ၌ ဘုရားရှင်ကို ရှာတွေ့ဖူးသော အတွေ့အကြုံများတို့ကို တစ်ပါးသူအား ထပ်မံဝေမျှခြင်းဖြင့် ရှင်သန်ခြင်း နည်းပညာများကို လက်ဆင့်ကမ်းပေးခြင်း ဖြစ်ပါတယ်။ ပထမကျမ်းစာ၌ စိန့်ပေါလ် ရှင်းပြပေးသည်မှာ အေဒေလူမျိုးများ ကိုးကွယ်ကြသော အမည်နာမ မရှိသောဘုရားသည် သူတို့မသိလိုက်ပေမဲ့ သူတို့နှင့် ကင်းကွာမှုမရှိသော ဘုရားပင်ဖြစ်ကြောင်း ရှင်းပြပေးခြင်းဖြင့် လူတွေနှင့်အတူ အမြဲရှိနေသော အသက်ရှင်သော ဘုရားရှင်အကြောင်းကို သေချာစွာ မီးမောင်း ထိုးပေးနေခြင်း ဖြစ်ပါတယ်။ ထိုဘုရားသည် ဖန်ဆင်းရှင် ဘုရားဖြစ်ကြောင်းနှင့် နေ့စဉ်နှင့်အမျှ ရှူနေကြသော အသက်သခင် ဘုရားရှင်ဖြစ်၍ ကျွန်တော်တို့ အားလုံးသည် ဘုရား၏ သားသမီးများ ဖြစ်ကြောင်းတို့ကို ရှင်းပြပေးနေပါတယ်။
ထိုဘုရားရှင်ကို သခင်ခရစ်တော်၏ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့် ဘုန်းတော်ထင်ရှားစေ ခဲ့ပါတယ်။ ထိုသို့သော နက်နဲဖွယ်ရာတို့ကို သိနားလည်နိုင်စွမ်း ကျေးဇူးတော်အတွက် ဝိညာဉ်တော်ဘုရား ကတိတော်ကို ဧဝံဂေလိကျမ်းမှာ ဆက်ပြီး ခွန်အားပေးနေခြင်း ဖြစ်ပါတယ်။ စစ်မှန်သော သိတတ်၊ နားလည်နိုင်စွမ်းသည် ဘုရားရှင်နှင့် ပေါင်းစည်း နိုင်စွမ်းခြင်းမှ ဖြစ်လာခြင်း ဖြစ်ကြောင်းကို စိန့်ပေါလ် ဆက်ပြီး ရှင်းပြပေးခဲ့ပါတယ်။ ထိုသို့ ပေါင်းစည်း နိုင်စွမ်းသည်လည်း ဝိညာဉ်တော်ဘုရား၌ ရှင်သန်တတ်ခြင်းမှ ဖြစ်လာခဲ့ခြင်းဖြစ်၍ အရေးကြီးသော သော့ချက်သည် ဘုရားရှင်၏ အလိုတော်ကို နားလည်၊လက်ခံတတ်ခြင်းပင် ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)