“ကမ္ဘာမြေကို စိမ်းလန်းစေချင်ရင် သစ်ပင်စိုက်ပါ။ ကမ္ဘာမြေကို ငြိမ်းချမ်းစေချင်ရင် ချစ်ခင်လိုက်ပါ” ဆိုသော စကားပုံတစ်ခု ရှိပါတယ်။ ကျွန်ုပ်တို့ နေထိုင်နေကြတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါ။ စိမ်းလန်းနေလား၊ သို့တည်းမဟုတ် ခြောက်သွေ့နေသလား ဆိုတာကို ကိုယ်မြင်ရင် မြင်တဲ့အတိုင်း ကိုယ်ခံစားရင် ကိုယ်ခံစားတဲ့အတိုင်း ဖြစ်ပါလိမ့်မည်။ ကိုယ့်ရဲ့ စိတ်က တည်ကြည်နေတယ် လှပနေတယ် မြင်တဲ့အရာရာတိုင်းကို ချီးမွမ်းတတ်မယ်၊ အကောင်းမြင်တတ်မယ်၊ ဘုရားသခင်ရဲ့ ဖန်ဆင်းထားတဲ့ အရာတွေကို အလှတရားလို့ ခံစားတတ်မယ်ဆိုရင်တော့ ကျွန်ုပ်တို့တတွေရဲ့ ပတ်ဝန်းကျင်က ခြောက်သွေ့နေမှာ မဟုတ်ဘူး။ ဒီကနေ့ ဧဝံဂေလိ ကျမ်းစကားမှာ ခရစ်တော် ပြောခဲ့တယ်။ (ယောဟန် ၁၆း ၃၃) သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းငှာ ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူခဲ့တယ်။ အခုခေတ် အခြေအနေမှာ လူတွေက ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေကြရတယ်။ ကျွန်ုပ်တို့ရဲ့ တိုင်းပြည်မှာ ပဋိပက္ခ အမျိုးမျိုးကြောင့် ခိုလှုံစရာ နေရာမရှိ၊ စားသောက်စရာ အစားအစာ မရှိ၊ ငတ်မွတ် ခေါင်းပါးဘေးနဲ့ တွေ့ကြုံ နေကြရတယ်။ ဒီလိုအဖြစ်အပျက် အခြေအနေမျိုးမှာ ကျွန်ုပ်တို့တွေ သခင်ခရစ်တော် ပြောနေတယ်။ “မစိုးရိမ်နဲ့”တဲ့ ဒီစကားက ဘာကိုဆိုလိုသလဲဆိုတော့ ကျွန်ုပ်တို့တွေရဲ့ ယုံကြည်ခြင်း ခိုင်မြဲခြင်းကို ဘုရားက လူတွေ သူ့ပေါ် ထားတဲ့ ယုံကြည်ခြင်းကို သိချင်လို့ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေ လောကကြီး ငြိမ်းချမ်းအောင် ဘာတွေလုပ်ကြမလဲ။ ငြိမ်းချမ်းခြင်းကို ရရှိဖို့ ချစ်ခြင်းမေတ္တာကို အရင်တည်ဆောက် ကြရမယ်။ ကျွန်ုပ်တို့ စိတ်နှလုံးသားကို အရင်ငြိမ်သက်နိုင်အောင် လုပ်ဆောင်ရပါမယ်။ အမှန်တကယ် စိတ်ရဲ့ငြိမ်သက်ခြင်းကို လိုလားတောင်းတတဲ့ သူတွေက လူတကာကို ချစ်ခြင်းမေတ္တာ အတိုင်းအဆမရှိ ပေးနိုင်မယ်။ ဒါမှသာလျှင် ခရစ်တော်သခင် လောကကို အောင်နိုင်သလို ကျွန်ုပ်တို့တွေကလည်း ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ခေတ်အခြေအနေကို လက်ခံတတ်ခြင်းဖြင့် မိမိတို့ခံစားနေရသော ဒုက္ခကို ခရစ်တော်၌ အောင်မြင်သောသူများ ဖြစ်ကြပါစေလို့ အချင်းချင်း ငြိမ်သက်ခြင်းကို တည်ဆောက်နိုင်ကြအောင် ဆုတောင်းပေးကြပါစို့။
Bro. Matthias BoBo (S.F.X)