“ထာဝရအသက်ဟူမူကား စစ်မှန်သော ဘုရားတစ်ဆူတည်းဖြစ်သည့် ကိုယ်တော့်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေဇူးခရစ်တော်ကိုလည်းကောင်း သူတို့သိမှတ် ဝန်ခံကြခြင်းပင် ဖြစ်သည်။” (ရှင်ယောဟန် ၁၇း ၃)
“တန်ရာတန်ကြေး” ဆိုတဲ့စကားဟာ လူတိုင်းလူတိုင်း မစိမ်းတဲ့စကားလေး ဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်က ပညာတတ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်မှုတွေကို တန်ရာတန်ကြေးအဖြစ် ပေးရသလို ဆရာဝန်တစ်ယောက်က လူ့အသက်တစ်ချောင်းကို ကယ်နိုင်ဖို့အတွက် ကြိုးစားထားခဲ့တဲ့အရာတွေကို တန်ရာတန်ကြေးအဖြစ် ပြန်လည်ပေးရတယ်။ သာသနာပြုတစ်ယောက် သာသနာတစ်ခုကို ဦးဆောင်နိုင်ဖို့ စွန့်လွတ်နစ်နာခံမှုတွေကို တန်ရာတန်ကြေးအဖြစ် ပေးရသလို မိဘတွေက မိသားစုတစ်ခုအတွက် မိမိတို့ရဲ့အချိန်တွေ၊ အပင်ပန်းခံမှုတွေကို တန်ရာတန်ကြေးအဖြစ် ပေးရတယ်။ ဒီနေ့ရဲ့ကျမ်းချက်လေးက ထာဝရအသက်ကို ရဖို့အတွက် ဘယ်အရာတွေကို တန်ရာတန်ကြေးအဖြစ် ပေးရမလဲဆိုတာ ခရစ်တော်က မီးမောင်းထိုးပြနေပါတယ်။ ယုံကြည်ခြင်းတွေ တိုးပွားဖို့ ခက်ခဲတဲ့ အချိန်ကာလ တစ်ခုမှာ ထာဝရအသက်ကို ရဖို့အတွက် ဘယ်လိုအရာတွေ ရင်ဆိုင်ကြုံတွေ့နေပါစေ။ စစ်မှန်သော ဘုရားတစ်ဆူတည်းကိုသာ သိမှတ်ဝန်ခံပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းတွေ၊ အားကိုးမှုတွေ၊ မျှော်လင့်ခြင်းတွေကို တန်ရာတန်ကြေးအဖြစ် ပေးဆပ်ကြပါစို့လား။
#စစ္စတာရ် ကလဲ (SFX)