“ယခုဘဝတွင် ညှင်းဆဲခံရခြင်းနှင့်တကွ အိမ်၊ ညီအစ်ကိုများ၊ နှမများ၊ မိခင်များ၊ သားသမီးများနှင့် မြေယာများကို အဆတစ်ရာ မရဘဲ မနေသကဲ့သို့ နောင်ဘဝတွင်လည်း ထာဝရအသက်ကို မရဘဲမရှိရာ။” (ရှင်မာကု ၁၀း ၃၀)
ခရစ်တော်နောက်ကိုလိုက်ရင် အကျိုးအမြတ်ကို မျှော်ကိုးလို့ မရပါဘူး။ ခရစ်တော်လို ဒုက္ခခံပြီး ညှင်းဆဲနှိပ်စက်ခြင်း မခံရသည့်တိုင် ခရစ်တော်နောက်လိုက်များ ရင်ဆိုင်ကြုံတွေ့ရမည့် နှောက်ယှက်ခြင်းများ၊ တပါးသူမကြိုက် မနှစ်သက်ခြင်းများ၊ အပြစ်တင်ဝေဖန် ကဲ့ရဲ့ပြောဆိုခြင်းများကိုတော့ ခံကြရမှာ ဖြစ်ပါတယ်။ အဲဒီလို အချိန်အခါမျိုးမှာတော့ သည်းခံပြီး ခံနိုင်ရည်ရှိဖို့တော့ လိုအပ်သလို ဘဝတိုးတက်ဖို့ရန်နှင့် ဝိညာဉ်သန့်ရှင်းဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။
တခါတရံမှာတော့ မိဘမောင်နှမ ဆွေမျိုးများနည်းတူ သိတတ်နားလည်ပြီး ကောင်းပေးသည့်သူများ၊ ကူညီရိုင်းပင်း အားပေးနှစ်သိမ့်ပေးသည့် အကြီးအကဲ ဆရာသမားများ၊ မိတ်ဆွေကောင်းများနှင့်လည်း အသက်တာမှာ ကြုံတွေ့ကြရမှာပါ။ လောကမှာ ကောင်းခြင်းများစွာ ရရှိခံစားရသလိုပဲ ခရစ်တော်ဂတိထားသည့် ထာဝရချမ်းသာ ရရှိဖို့ကိုလည်း မနားမနေ ကြိုးစားအားထုတ် သွားကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)