“သင်တို့တွင် အကြီးဆုံးဖြစ်လိုသောသူသည် သင်တို့၏အစေခံ ဖြစ်ရမည်။” (ရှင်မာကု ၁၀း ၄၃)
ရယူခြင်းထက် ပေးဆပ်ခြင်းကသာ ကြီးမြတ်သူ၊ လူကြီးလူကောင်းများ၏ လုပ်ရပ်ပါ။
မိဘများရဲ့ ကြီးမြတ်တဲ့မေတ္တာဟာ သားသမီးများ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အားလုံးကို အစေခံပေးခဲ့တယ်။ စိတ်ထားမြတ်တဲ့ဆရာ၊ ဆရာမတွေကလည်း တပည့်များ လူတော်လူကောင်းဖြစ်ဖို့ ပညာတတ်ကြီးဖြစ်ပြီး အများအတွက် အကျိုးသယ်ပိုးနိုင်ဖို့အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာခံပြီး အစေခံသင်ပေးခဲ့ကြပါတယ်။
သူငယ်ချင်း၊ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတွေဟာ ဒုက္ခအခက်အခဲနှင့် ကြုံတွေ့ရသည့် သူငယ်ချင်းများအတွက်ဆိုရင် ပေးဆပ်အနစ်နာခံ ကူညီအစေခံပေးဖို့ ဝန်မလေးပါဘူး။ ဒီလိုပါပဲ စိတ်ထားမြင့်မြတ်တဲ့ လူကြီးလူကောင်းများတွေမှာလဲ ကိုယ်ကျိုးမကြည့်ဘဲ လက်အောက်ငယ်သားများ လိုအပ်ချက်တွေကို ကူညီဖေးမ ဖြည့်ဆည်းပေးဖို့ အမြဲအသင့် အနေအထားမှာ ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ စိတ်နေစိတ်ထားက တပါးသူအတွက် လိုအပ်နေတဲ့သူအတွက် ဘယ်လိုကူညီ လုပ်ဆောင်ပေးရမယ်ဆိုတာ စဉ်းစားပြီး ကြိုးစားဆောင်ရွက်နိုင်ဖို့ ကြိုးစားကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)