“ယေဇူးကလည်း သင့်အတွက် ငါ့အား မည်သည့်အရာကို ပြုစေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်က ဆရာသခင် အကျွန်ုပ်ကို မျက်စိပြန်မြင်စေတော်မူပါဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းပင် မျက်စိမြင်၍ ကိုယ်တော်၏နောက်တော်သို့ လိုက်လေ၏။” (ရှင်မာကု ၁၀း ၅၁ - ၅၂)
မျက်မမြင်သူဖုန်းစား ဘာတီမေဦးဟာ သူ့ရဲ့မျက်စိကို ဒါဝိတ်သားတော်ယေဇူး ကုသပေးနိုင်တယ်ဆိုတာကို သူအကြွင်းမဲ့ ယုံကြည်တယ်။ နှိမ့်ချခြင်းနှင့် တောင်းခံခဲ့တယ်။ ယေဇူးဘုရားရှင်ကလည်း ဘာတီမေဦးရဲ့ ကြီးမားတဲ့ ယုံကြည်ခြင်းကြောင့် မျက်စိအလင်းကို ပြန်ရစေခဲ့တယ်။ မျက်စိအလင်း ပြန်ရပြီး ချက်ခြင်း ထွက်မသွားဘဲ ကျေးဇူးသိတတ်တဲ့သူ ဖြစ်တယ်။ ဘုရားကို ကျေးဇူးတင်ပြီး နောက်တော်သို့ လိုက်ခဲ့ပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီမှာလည်း မပြည့်စုံတဲ့သူများ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဝိညာဉ်၊ ကာယ လိုအပ်နေတဲ့ မတူညီကွဲပြားနေတဲ့ အရာတွေကတော့ ရှိကြမှာဘဲ။ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်တွေကိုတော့ ဒါဝိတ်သားတော်ယေဇူးက အသိဆုံးနဲ့ အပေးနိုင်ဆုံးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘက်ကတော့ ကြီးမားတဲ့ ယုံကြည်ခြင်း၊ ဟုတ်မှန်တဲ့ နှိမ့်ချခြင်း၊ ဇွဲရှိရှိနဲ့ စဉ်ဆက်မပြတ် တောင်းခံမယ်ဆိုရင် အမှန်တကယ် ရရှိမှာ ဖြစ်ပါတယ်။ ရရှိတဲ့ကျေးဇူးကိုတော့ ကျေးဇူးသိတတ်၊ ကျေးဇူးတင်တတ်ဖို့တော့ လိုပါတယ်။ ဘုရားရှင်ကို အကြွင်းမဲ့ ယုံကြည်အားကိုးပြီး နှိမ့်ချလျှက် စဉ်ဆက်မပြတ် တောင်းလျှောက်နိုင်ဖို့ ကြိုးစားအားထုတ်ကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)