“သင်တို့သည် သူတပါး၏အပြစ်ကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဖသည်လည်း သင်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။ (ရှင်မာကု ၁၁း ၂၆)
ကျွန်ုပ်တို့ လူသားတိုင်းမှာ မွေးရာပါ မိဘရင်းအပြစ်တွေ ပါလာကြပါတယ်။ တချို့ဆို မာနကြီးတယ်။ တချို့ကတော့ ဒေါသအမျက်ကြီးတယ်။ တချို့ကတော့ အတ္တလောဘ ကြီးတယ်။ တချို့ကတော့ မနာလိုဝန်တိုမှု များတယ်။ ကျွန်ုပ်တို့က ဘယ်လူမျိုးထဲမှာ ပါနေပါသလဲ။ ကျွန်ုပ်တို့နေထိုင်ရာ မိသားစု အသိုင်းအဝိုင်း၊ လူ့ဘောင် အဖွဲ့အစည်းတွေမှာလည်း မပြည့်စုံတဲ့ လူသားများ ဖြစ်ကြလို့ အလုပ်များ လုပ်ဆောင်ရာမှာလည်း မလိုလားအပ်တဲ့ အခက်အခဲ ပြဿနာများ ဖြစ်ပေါ်လာတဲ့အခါမှာ မကျေနပ်ချက်များ၊ အညိုးအတေးများကြောင့် ခွင့်မလွှတ်နိုင်မှုများ ဖြစ်ပေါ်လာတတ်ပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုဖြေရှင်းကြမလဲ။
ခရစ်တော်ကတော့ ကားတိုင်ပေါ်မှာ သူ့ကိုသတ်တဲ့ လူတွေကို ခွင့်လွှတ်ပြသခဲ့ပါတယ်။ “အိုအဖ သူတို့လုပ်တဲ့ အပြစ်တွေကို သူတို့မသိလို့ ခွင့်လွှတ်ပေးပါ”လို့ ခမည်းတော်ထံ တောင်းဆိုခဲ့ပါတယ်။ ဘုရားရှင် သားသမီးဖြစ်ကြတဲ့ ကျွန်ုပ်တို့တစ်ဦးစီကိုလည်း ဒုက္ခဆင်းရဲ နစ်နာ နာကျင် ပျက်စီးအောင် နည်းမျိုးစုံနဲ့ လုပ်တဲ့သူတွေကို ဘယ်လိုလုပ်ကြမလဲ။ ခွင့်လွှတ်ပေးနိုင်ပါ့မလား။ အပေါ်ယံ စိတ်မပါဘဲနဲ့တော့ ခွင့်လွှတ်ပါတယ် ပြောလို့တော့ မရဘူး။ ဘုရားမျက်နှာ ထောက်ပြီးမှ စိတ်ထဲက နှစ်နှစ်ကာကာနဲ့ ခွင့်လွှတ်နိုင်ဖို့ လိုပါတယ်။
ယခုခေတ် အချိန်ကာလ အခြေအနေမှာ ပိုလို့ပင် စိတ်ပြင်းထန်စွာ ထိခိုက်နာကျင် ခံစားနေကြရတော့ ခွင့်လွှတ်နိုင်ဖို့ ပိုလို့ပင် ခက်ခဲနေပါသေးတယ်။ ဒါပေမဲ့လို့ ခရစ်တော်ကတော့ “ငါ၏ကျေးဇူးသည် သင့်အတွက် လုံလောက်တယ်” ပြောထားပါတယ်။ ခရစ်တော်ရဲ့ ကောင်းကြီးခွန်အား အလင်းမပါရင် ကျွန်ုပ်တို့ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ တပါးသူအပြစ်ကို ခွင့်မလွှတ်နိုင်ရင် ကျွန်ုပ်တို့အပြစ်လည်း ဘုရားရှင်က ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ကို ထိခိုက်ပြစ်မှားကြတဲ့ လူတွေကို ဘုရားရှင်ရဲ့ ကျေးဇူးတော် အကူအညီ၊ ဘုရားရှင်မျက်နှာ ထောက်ထားပြီး ခွင့်လွှတ်နိုင်ဖို့ ကြိုးစားအားထုတ်ကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)