“ယေဇူးဘုရားရှင်သည် ဗိမ္မာန်တော်တွင် လူများကို ဧဝံဂေလိတရား ဟောကြားပြီး သွန်သင်ဆုံးမစဉ် ကျမ်းတတ်ဆရာနှင့် ဖာရီရှဲတို့က ဘယ်သူ့အခွင့်အာဏာနှင့် ပြုလုပ်သနည်း။ အခွင့်အာဏာကို မည်သူပေးသနည်း။”ဟု မေးမြန်းခဲ့ပါသည်။ (ရှင်မာကု ၁၁း ၂၇ - ၂၈)
အားလုံးစုံကို သိမြင်တတ်နိုင်သည့် ယေဇူးဘုရားရှင် ဟောပြောသွန်သင်ချက်ကို မနာလိုဖြစ်ပြီး လိုက်ပြီး မေးမြန်းစုံစမ်း နှောက်ယှက်ခဲ့ပါတယ်။ ဒီလောကမှာလည်း လူသားများ အကျိုးရှိဖို့၊ လူ့ဘဝ တိုးတက်ရာ တိုးတက်ကြောင်း လူနေမှုဘဝ လုံခြုံမှုအတွက် ကြိုးစားပြီး လုပ်ဆောင်ပေးနေတဲ့ လူတွေကိုလည်း မကောင်းကြံတဲ့လူတွေ၊ ဒုက္ခအခက်အခဲပေးပြီး ဘဝထိခိုက်အောင် လုပ်ဆောင်တဲ့ လူတွေလည်း ရှိကြပါတယ်။ အဲဒါကို ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ။
ခရစ်တော်ကတော့ ပြောထားပါတယ်။ “အဆိုးကို အကောင်းနှင့် တုန့်ပြန်ပါ။” ကျွန်ုပ်တို့ တစ်ဦးစီကတော့ လူသားပီသစွာနဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်ကြပါတယ်။ ဖြေရှင်းချင်ကြပါတယ်။ ဒါပေမဲ့ ခရစ်တော်ကို ကျွန်ုပ်တို့ဘဝထဲ ဖိတ်ခေါ်ပြီး အတူလက်တွဲ ဖြေရှင်းရင်တော့ အကောင်းဆုံး ရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။
အပြစ်မဲ့တဲ့ ခရစ်တော်၊ အားလုံးစုံကို တတ်နိုင်ပြီး ကောင်းမြတ်တဲ့ ဘုရားရှင်ကိုတောင်မှ အမုန်းတရားနဲ့ ဝေဖန်ပြောဆို ဒုက္ခပေးနေတယ်ဆိုရင် အပြစ်နဲ့မကင်း၊ ဘာမှမပြည့်စုံတဲ့ ကျွန်ုပ်တို့တွေကိုတော့ ဘယ်လိုတုန့်ပြန် နေကြမလဲ ဆိုတာတော့ ရှင်းနေပါတယ်။ ဒါပေမဲ့ အရာရာတိုင်း အဖြစ်အပျက်တိုင်းကိုတော့ ဘုရားရှင်ရဲ့ အကူအညီနဲ့ အကောင်းဆုံး တုန့်ပြန်နိုင်ဖို့ကတော့ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
#စစ္စတာရ် ထရေဇား (SFX)