“ထို့နောက် မာရီယားသည် ဧလိဇဘက်နှင့်အတူ သုံးလခန့်နေပြီးမှ မိမိ၏အိမ်သို့ ပြန်လေ၏။” (ရှင်လုကား ၁း ၅၆)
အမိမယ်တော်မာရီးယားသည် အသက်အရွယ် ကြီးပြီဖြစ်သည့် အစ်မတော် ဧလိဇဘက် ကိုယ်ဝန်ရှိပြီးလို့ သိလိုက်ရတဲ့အချိန်မှာ အကူအညီ လိုအပ်နေမှာပဲဆိုပြီး ကူညီဖို့အတွက် တောင်ကုန်းအရပ်ရှိ ဂျူးဒမြို့တစ်မြို့မှာနေတဲ့ ဧလိဇဘက်ထံ သွားရောက်ခဲ့ပါတယ်။ ဇာခရိအိမ်ရောက်တော့ ဧလိဇဘက်ကို နှုတ်ဆက်တယ်။ ဝိညာဉ်တော်နှင့်ပြည့်ဝတဲ့ မာရီယား၏နှုတ်ဆက်ခြင်း ခံရတဲ့ ဧလိဇဘက်ကတော့ သူမရဲ့ဝမ်းကြာပိုက်မှာရှိတဲ့ သားငယ်က အားရဝမ်းမြောက်ခြင်းနှင့် ခုန်မြူးကြောင်း သိရှိရပါတယ်။ အမိမယ်တော်က ဧလိဇဘက်နှင့်အတူ သုံးလခန့်နေပြီး ကူညီပေးခဲ့ပါတယ်။
အမိမယ်တော် အသက်တာမှာ အကူအညီ လိုအပ်တဲ့သူအားလုံးကို ကူညီပေးခဲ့တယ်။ (Jn 2: 1-11)မှာ ကာနန်မြို့လက်ထပ်ပွဲမှာ စပျစ်ရည်ကုန်သွားလို့ သားတော်ယေဇူးထံ တောင်းခံပြီး သားတော်၏ တန်ခိုးတော်ဖြင့် ရေမှစပျစ်ရည်အဖြစ်သို့ ပြောင်းသွားပြီ အရှက်တကွဲ မဖြစ်အောင် ကူညီပေးခဲ့ပါတယ်။
အမိမယ်တော်ရဲ့ သားသမီးဖြစ်ကြတဲ့ ကျွန်ုပ်တို့တစ်ဦးစီကလည်း အကူအညီ လိုအပ်တဲ့သူတွေကို ဘယ်လိုကူညီပေးနိုင်သလဲ။ ယခုခေတ်အချိန်အခါ၊ အခြေအနေမှာ ပိုလို့ပင် ဒုက္ခခက်ခဲတွေ ရောက်နေကြတယ်။ စားဝတ်နေရေးအတွက် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတဲ့ လူများကိုလည်း တတ်နိုင်သလောက် ကူညီပေးရင်းနဲ့ ဆုတောင်းပေးခြင်းနှင့် ကူညီပေးနိုင်ဖို့ ကြိုးစားကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)