ဒါဝိတ်မင်းကြီး၏ မျိုးနွယ်မှ ဆင်းသက်လာသော ယေဇူးသခင် ဘုရားသားတော်သည် လူ့အဖြစ်ကို ယူတော်မူသော အရှင်ဖြစ်တော်မူ၏။ ဤအချင်းအရာသည် ဒါဝိတ်မျိုးဆက်မှာ ကံကောင်းလှ၍ ဘုရားသားတော်အား လူ့လောကသို့ ကြွလာရန် ဆောင်ရွက်ပေးသည်။ ဘုရားသခင် ယေဇူးသခင် လူ့အဖြစ်ကို ယူတော်မူခြင်းသည် ကျွန်ုပ်တို့နှင့် ဝေးကွာလှသော ယုဒပြည် ဘက်သလေဟင်မြို့တွင် ဖွားမြင်သည် စသည်ဖြင့် ယူဆထင်မြင်ကောင်း ထင်မြင်ကြလိမ့်မည်။ အမှန်စင်စစ်မှာ ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ကို ကမ္မဌာန်းရှုပြီး လက်တွေ့ဘဝ၌ ယေဇူးဘုရားရှင်၏ သွန်သင်မှုအတိုင်း ကျင့်ကြံအားထုတ် နေထိုင်သောသူသည် ခရစ်တော် ဘုရားရှင်အား မိမိ၏ဘဝ၌ နေ့စဉ် မွေးဖွားနေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်ရှင်နေသော နေ့စဉ်နေ့တိုင်း၌ ယေဇူးသခင်၏ လူ့အဖြစ်ကို ယူတော်မူခြင်းသည် အတိတ်ကာလက ပြီးဆုံးသွားပြီဟု မယူဆသင့်ဘဲ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ၌ “နှုတ်ကပတ်တော်သည်လည်း လူ့ပကတိအဖြစ်ကို ယူဆောင်တော်မူပြီ” ဟူသော “ယေဇူးသခင်၏ လူ့အဖြစ်တော်ကို ယူတော်မူခြင်းကို “ကျွန်ုပ်တို့သည်လည်း အာရုံခံစား၍ နေနိုင်မည်ဖြစ်သည်။ ဆေးကြောခြင်း ခံယူပြီးသော ဘုရား၏ သားသမီး တစ်ဦးစီတိုင်းသည် မယ်တော်သခင်မကဲ့သို့ မိမိ၏ ဘဝ၌ မိမိ၏ ခေါ်တော်မူခြင်းအတိုင်း လက်တွေ့ဘဝ၌ စေလွှတ်ခြင်း ခံရသူများ ဖြစ်ကြသည်။ ရဲဝင့်စွာဖြင့် လူ့အဖြစ်ကို ယူတော်မူပေသော ခရစ်တော်ဘုရားရှင်၏ နောက်လိုက်ကောင်း ပီသရန်အတွက် လိုအပ်သော ဆုကျေးဇူးများကို တောင်းလျှောက်ကြပါစို့ဟု ဖိတ်ခေါ်ချင်ပါသည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)