သခင်ယေဇူးသည် မုဆိုးမ၏ အလှူငွေ ထည့်ဝင်မှုကိုမြင်၍ ချီးကျူးတော်မူ၏။ ဘုရားသခင်သည် လူ၏အပြင် အပေါ်ယံကို ကြည့်တော်မမူ။ လူ၏အတွင်းစိတ် ရက်ရောမှုကိုသာ ကြည့်တော်မူ၏။ ကျွန်ုပ်တို့ အလှူလုပ်သောအခါ မည်သည့်ရည်ရွယ်ချက်ဖြင့် လှူပါသနည်း။ ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် လူလူချင်း ပြောဆိုဆက်ဆံရာ၌ တဖက်သောသူ၏ အပြင်အပေါ်ယံကိုသာကြည့်ပြီး ပေါင်းသင်းဆက်ဆံလျှင် ကျွန်ုပ်တို့သည်လည်း ကျမ်းတတ်ဆရာများကဲ့သို့ ဟန်ဆောင်သောဘဝ၌ လူမြင်ကောင်းစေရန် ပြုလုပ်နေကြသူများ ဖြစ်ကြပါလိမ့်မည်။ ကျွန်ုပ်တို့အတွက် စဉ်းစားစရာ အချက်အလက် ဖြစ်ပါသည်။ မိမိ၏ဘဝ၌ အလုပ်တစ်ခုခုကိုလုပ်လျှင် ရည်ရွယ်ချက် မှန်ကန်ရန် လိုအပ်လှပေသည်။ မည်သည့် ကောင်းမြတ်သော အလုပ်ကိုမဆို လုပ်ကိုင်လျှင် စေတနာထည့်၍ လုပ်ကိုင်ဆောင်ရွက်လျှင် ဘုရားသခင်သည် သင့်၏စေတနာကို မြင်တော်မူ၍ ယခုထက် အဆပေါင်းရာကျော် ဆုလာဘ်များ ပေးသနားတော်မူလိမ့်မည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)