ယေဇူးသခင် ဤလောက၌ သီတင်းသုံးစဉ်အခါက တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးကို စေလွှတ်တော်မူ၍ သွန်သင် မိန့်မှာတော်မူသည်ကား “ဧဝံဂေလိသတင်းကောင်းကို ဟောပြောကြလော့။ ဖျားနာသော သူတို့ကို ပျောက်ကင်းစေကြလော့။ သေသောသူတို့ကို အသက်ပြန်ရှင် စေကြလော့။ အနာကြီး ရောဂါသည်တို့ကို စင်ကြယ်ပျောက်ကင်း စေကြလော့။ နတ်ဆိုးများကို နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးအခမပေးဘဲ ကျေးဇူးတော်ကို ခံယူရရှိ ကြသည်ဖြစ်၍ အဖိုးအခ မယူဘဲ ပေးကမ်းကြလော့” စသည်ဖြင့် မိန့်တော်မူ၍ စေလွှတ်ခြင်း ခံရတော်မူခဲ့သည်။ ယနေ့ ကျွန်ုပ်တို့ တစ်ဦးစီသည်လည်း လောကကြီးသို့ စေလွှတ်ခြင်း ခံရသောသူများ ဖြစ်ကြသည်။ ယေဇူးသခင်၏ မိန့်မှာချက်ကို မမေ့မလျော့ရန် ကျွန်ုပ်တို့ တစ်ဦးစီကို သတိပေး နှိုးဆော်နေပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်သခင်၏ ငြိမ်းချမ်းခြင်းကို အခြားသူထံသို့ ကမ်းလှမ်းသောအခါ လက်မခံသူ ရှိကောင်း ရှိပေလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏ အတွင်းစိတ်တွင်ရှိသော ငြိမ်သက်ခြင်းကို မပျောက်ပျက်စေရန် ထိန်းသိမ်းထားရမည်။ ဤကဲ့သို့ အတွင်းစိတ်ရှိ ငြိမ်သက်ခြင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းသည် ဘုရားသခင်၌တည်သော ငြိမ်သက်ခြင်း ဖြစ်ရပါမည်။ ခရစ်တော်၌ ငြိမ်သက် ငြိမ်းချမ်းခြင်း ရရှိရန်အတွက် ကြိုးစားအားထုတ် ကြရပါသည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော် ဘုရားရှင်သာလျှင် ငြိမ်းချမ်းသာယာခြင်း၏ အရင်းအမြစ်ဖြစ်၍ မိမိတို့ တစ်ဦးစီအတွက် ငြိမ်းချမ်းသော ဘုရင်တစ်ပါး ဖြစ်ပါသည်။ ငြိမ်သက်ခြင်း၏ အမှတ်လက္ခဏာ ဖြစ်သောဘုရား ဖြစ်ပါသည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)