ဤနေ့သည် မယ်တော်၏ အလွန်ဖြူစင်သော နှလုံးတော်ပွဲတော် ဖြစ်ပါသည်။ မယ်တော်၏ နှလုံးတော်သည် သူ၏သားသမီးများပေါ်တွင် အမြဲဂရုတစိုက် ကြည့်ရှု စောင့်ရှောက်သည်။ မယ်တော်၏ သားသမီများ ဆိုသည်မှာ အဘယ်သူနည်း။ အသင်းတော်တွင် ရှိသောမိသားစုတိုင်းကို ဆိုလိုပါသည်။ သန့်ရှင်းသောအိမ်ထောင်စုတွင် ယေဇူး၊ မာရီးယား၊ ဇူဇယ် ဟူသော သူများပါဝင်ပါသည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့တစ်ဦးစီ၏ ဘဝကဲ့သို့ မိသားစုတစ်စုတွင် မွေးဖွားခြင်း ခံခဲ့ရသည်။ မိဘနှစ်ပါး၏ ချစ်ခြင်းမေတ္တာနှင့် ဆွေမျိုးအသိုင်းအဝိုင်းကြားတွင် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက် ပြုစုခြင်း၊ မယ်တော်နှင့် သံဇူဇယ်တို့၏ သွန်သင် လမ်းညွန်မှုအောက်တွင် ကြီးပြင်းခဲ့ပါသည်။ ကာသိုလိပ် အသင်းတော် အနေနှင့် မိသားစုတိုင်းသည် “ကာသိုလိပ် အသင်းတော် အငယ်စား” ဖြစ်သည်။ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် မိသားစု၏ အရေးပါပုံကို မီးမောင်း ထိုးပြထားသော အချက်များ ရှိပါသည်။ လူငယ်တစ်ဦး၏ မိသားစုမှ ပြုစုပျိုးထောင်ခြင်း၊ အကျင့်စာရိတ္တ၊ စိတ်နေသဘောထား မြင့်မြတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ အကူအညီ လိုအပ်သောသူကို ကူညီပေးလိုသော စေတနာ အရင်းခံစိတ်ထား၊ ခရစ်တော်ကို ဗဟိုပြု၍ ဝိညာဉ်ရေးရာ၌ လည်းကောင်း၊ လူမှုရေးရာ၌ လည်းကောင်း ရင့်ကျက်ပြီး အမိအသင်းတော်ရှိ သာသနာ အသီးသီး၌ နိုးကြား တက်ကြွစွာ ဆက်ကပ်သော လူငယ်များ ဖြစ်ခြင်းနှင့် မိမိတို့အား ဘုရားသခင် ပေးသနားထားသော အရည်အချင်းကို အပြည့်အဝ အသုံးချကာ ဆက်ကပ်နိုင်ရန် ဖိတ်ခေါ်ထားပါသည်။ အထူးသဖြင့် မိသားစုတိုင်းတွင် ရှိသော သားသမီး တစ်ဦးစီသည် ချစ်ခြင်းမေတ္တာ ပြည့်ဝသောသူ တစ်ဦးစီ ဖြစ်ရန် ကြိုးစားရင်း သာယာသော လူ့ဘောင် တည်ဆောက် နိုင်ရန်အတွက် ကြိုးစားကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)