ဤယနေ့ အသက်ပေးသော နှုတ်ကပတ်တော် ကျမ်းပိုဒ်သည် မနေ့က ကျမ်းပိုဒ်၏ အဆက်ဖြစ်သည်။ ရန်သူကို ချစ်ရမည့်အကြောင်း ကိုယ်တော် ဟောတော်မူသည်။ ဘုရားသခင်၏ လူအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာသည် လူသားချင်းချင်း ထားရှိသော ချစ်ခြင်းမေတ္တာနှင့် ကွာခြားသည်။ တရားနာနေကြသော ပရိတ်သတ်များ မည်ကဲ့သို့ တုန့်ပြန်မည်နည်း။ ရန်သူကို ချစ်လော့။ သင်တို့ကို နှိပ်စက် ညှင်းဆဲသော သူတို့အား မေတ္တာ ပို့ကြလော့။ လက်တွေ့တွင် ကျင့်ကြံရန် အလွန် ခက်ခဲလှပါသည်။ သို့သော် သခင်ယေဇူးသည် မိမိကြိုးစား အားထုတ်ရမည့် “ပါရမီ” ကို တောင်းဆိုပါသည်။ မိမိကို ချစ်သောသူကို ပြန်ချစ်ရသည်မှာ လွယ်ကူပါသည်။ မိမိကို ပြစ်မှားသောသူ၊ ကိုယ့်မျက်စိထဲတွင် အဆင်မပြေသူကို ချစ်ရသည်မှာ မလွယ်ကူပေ။ မိမိ၏ မာနစိတ်ကို ချိုးနှိမ် ရပါသည်။ မိမိမှ ခြေလှမ်း တလှမ်းစ၍ လှမ်းရပါသည်။ ခွင့်လွှတ်ခြင်း ခြေလှမ်း ဖြစ်သည်။ ဆက်လက်၍ ကြိုးစား ကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)