ဤကျမ်းပိုဒ်မှ သခင်ယေဇူး ကျွန်ုပ်တို့ကို ပါးလိုက်သော သတင်းစကားမှာ မိမိအလှူဒါန ပြုလုပ်ရာတွင် သတိထားရမည့်အချက် ဖြစ်သည်။ ယခုခေတ်တွင် Face book, Twitter,…. စသော လူမှုကွန်ယက်တွင် အလွယ်တကူ တွေ့နိုင်သော အရာမှာ တဦးတယောက်က အလှူဒါနပြုလျှင် လူသိရှင်ကြား ကြေငြာကြသည်။ ကျွန်ုပ်တို့ အလှူဒါန ပြုသော ရည်ရွယ်ချက်မှာ မှန်ကန် ရပါမည်။ ကိုယ့်ကိုယ်ကို မေးရမည့် မေးခွန်းက “ကျွန်ုပ် ဘာကြောင့် လှူနေတာလဲ?” “နာမည် ကျော်ကြား ချင်တာလား?” ယနေ့ လူမှုကွန်ယက်တွင် မိမိကိုယ်ကို အလွယ်တကူ ကြော်ငြာ နိုင်သည်။ တခြားသူက မိမိ၏ပုံကို ခွင့်တောင်းရန် မလို (သို့) ခွင့်ပြုချက် မရဘဲ လူမှုကွန်ယက်တွင် အလွယ်တကူ တင်လိုက်သည်။ ကျွန်ုပ်တို့၏ သာသနာကို လေ့လာကြည့်ပါက အချို့သော သူများသည် ကောင်းမှုကုသိုလ်၊ ချစ်ခြင်းမေတ္တာဖြင့် အလှူဒါနပြုခြင်းတို့တွင် မကြွားမဝါဘဲ လှူဒါန်းပါဝင် ပူဇော်ကြသော သူများစွာ ရှိပါသည်။ ၎င်းတို့ အလှူဒါန ပြုသောအခါ ကင်မရာ မရှိ၊ ဓါတ်ပုံ၊ ရိုက်ကူးရေးလည်း မပါပဲ စေတနာ သန့်သန့်ဖြင့် မည့်သည့် ကျော်ဇောမှုကိုမှ မမျှော်လင့်ဘဲ အလှူဒါန ပြုနေသူ များစွာ ရှိပါသည်။ ဓါတ်ပုံ ရိုက်လျှင်လည်း မိမိတို့အတွက် မှတ်တမ်းတင်ရန် အတွက်လောက်သာ ဓါတ်ပုံ ရိုက်ကြသည်။ ဥပမာ- ကျန်းမာရေး ဝန်ထမ်းများ နယ်ဆင်း ကုသခြင်း၊ အပယ်ခံ ရောဂါဝေဒနာ ရှင်များအား ရှာဖွေ ဖော်ထုတ် ကူညီ စောင့်ရှောက်ခြင်း စသည်တို့ လှုပ်ရှားမှုတွင် စေတနာ အပြည့်နှင့် မိမိ၏ လုပ်အား၊ ငွေအား၊ ကာယ၊ ဉာဏ စွမ်းအားများ ပါဝင် ပူဇော်ကြသော သူများ အလုပ်လုပ်ရာတွင် Video နှင့် ကင်မရာ မလိုအပ်ပေ။ စေတနာ သန့်သန့်ဖြင့် ပူဇော်သော မိမိ၏ အလှူသည် ဘုရားသခင်၏ ရှေ့မှောက်တွင် ဘုရား နှစ်သက်သော အလှူ ဖြစ်သည်။ “သင်၏ အလှူသည် မထင်မရှား ရှိ၍ မထင်မရှား ပြုသော အမှုတို့ကို မြင်တော်မူသော အဖဘုရားသခင်သည် သင့်အား ဆုကျေးဇူး ပေးသနား တော်မူလိမ့်မည်။”
#စစ္စတာရ် ဖလောရင်းရွှေ (SPC)