ကောင်းကင်ဘုံ၌ ဘဏ္ဍာတော်ကို စုဆောင်းရန်အတွက် ယေဇူးသခင် ဖိတ်ခေါ်တော်မူသည်။ ကျွန်ုပ်တို့သည် လောကဥစ္စာရတနာကို စုဆောင်းကြသည်။ တန်ဖိုးထားကြသည်။ တနေ့တနေ့ တဖြည်းဖြည်း စုဆောင်းကြရသည်။ ဤရတနာကို ဝယ်ယူနိုင်ရန်အတွက် မိမိ၌ ငွေပိုငွေလျှံရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့အလုပ်ကို ကြိုးပမ်းလုပ်ဆောင်မှသာ ဝယ်ယူနိုင်သည်။ သို့သော် ကျွန်ုပ်တို့ ပင်ပန်းစွာ ရှာဖွေထားသော ဤရတနာများသည် ထာဝရတည်တံ့ ခိုင်မြဲသော ရတနာများ မဟုတ်ပေ။ ပိုး၊ ခြ၊ အင်းဆက် ပိုးများ ဖျက်စီးခြင်း၊ သူခိုးများ၏ ရန်ကိုလည်း ကြောက်နေရသေးသည်။ ထို့ကြောင့် သခင်ယေဇူးသည် သံချေးပိုးရွတို့ မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘဏ္ဍာကိုသာ ဆည်းပူးစုဆောင်းကြရန် မိန့်တော်မူသည်။ ကျွန်ုပ်တို့အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်ုပ်နှင့်အတူ အမြဲလိုက်နေမည့် ရတနာသည် ကျွန်ုပ်တို့၏ ကောင်းမှုကုသိုလ် “ပါရမီ” ပင်ဖြစ်ပါသည်။ ဤအရာသည် သံချေးပိုးရွတို့ မဖျက်ဆီးနိုင်ပါ။ နှုတ်ကပတ်တော်မှ ကြားနာရသော သတင်းကောင်းများကို လက်တွေ့လိုက်နာ ကျင့်သုံးခြင်းသာလျှင် မိမိ၏ဘဝ၌ ပျော်ရွှင်မှုကို ရနိုင်ပါသည်။ ဘုရားသခင် ပေးသနားတော်မူသော ဉာဏ်အလင်းကျေးဇူးတော်အားဖြင့် မိမိနှင့် နေ့စဉ်ဆက်ဆံ နေရသော ညီအစ်ကို မောင်နှမများပေါ် ကိုယ်ချင်းစာစိတ်၊ သနားညှာတာစိတ်များကို မိမိတို့ မွေးမြူရန် ကမ္မဌာန်းရှုစေရန် ဤကျမ်းပိုဒ်က ဖိတ်ခေါ်နေပါသည်။ မျက်စိသည် ကျွန်ုပ်တို့၏ ဝိညာဉ်တံခါးပေါက်ဖြစ်သည်။ ကျွန်ုပ်တို့ ကင်မရာနှင့် ရိုက်ထားသောပုံများ မကြိုက်မနှစ်သက်လျှင် လွယ်ကူစွာ ဖျက်လိုက်၍ရသည်။ သို့သော် ကျွန်ုပ်တို့၏ မျက်စိကင်မရာဖြင့် ရိုက်ထားသောပုံရိပ်ကို ဖျောက်ဖျက်ရန် မလွယ်ကူပေ။ ယခုခေတ်ပေါ် လူထုဆက်သွယ်ရေးတွင် ခေတ်မီဆက်သွယ်ရေး ကရိယာများ၊ အကြားအမြင် အာရုံခံစားမှု ဝိညာဉ်ရေးရာ မှန်ကန်သော လူ့ကိုယ်ကျင့်သိက္ခာကျင့်စဉ်နှင့် ပညာရေးမြင့်မားတိုးတက်ရန်အတွက် ကြိုးစားအားထုတ် ကြရမည်ဖြစ်သည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)