အဘယ့်ကြောင့် အချို့လူတို့သည် စီးပွားရေးကို အသဲအသန် ရှာဖွေနေကြသနည်း။ ချမ်းသာသော သူများက ယခုထက်ပို၍ ချမ်းသာနိုင်ရန် ကြိုးစားကြသည်။ မိမိတတ်နိုင်သလောက် လက်လှမ်းမှီသလောက် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ကြသည်။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ဘဝအတွက် သူတို့၏ သားသမီးများ၏ အနာဂတ်အတွက် လုံခြုံစိတ်ချစေရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ တချို့မှာ စီးပွားရေးရှာရင်း ချမ်းသာပြီးရင်း ချမ်းသာသော်လည်း မိမိ၏ ပစ္စည်းဥစ္စာအတွက် စိတ်ပူပန်ရပြန်ပါသည်။ ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အား ဘုရားသခင်၌ ယုံကြည်အားထားရန် ဖိတ်ခေါ်ထားပါသည်။ “ကောင်းကင်ဘုံရှင် သင်တို့အဖသည် ဤအရာအားလုံးစုံကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလျှင် သင်တို့အား ထိုအရာအားလုံးကို ထပ်လောင်း၍ ပေးသနား တော်မူလိမ့်မည်” ဆိုသည့်အတိုင်း ဘုရားသခင်၌ ယုံကြည်ခြင်းရှိလျှင် ဘုရားသခင် ပေးတော်မူလိမ့်မည်။ ဘုရားသခင်သည် တာဝန်ကျေပွန်သော ဘုရားဖြစ်သည်။ ဘုရားသခင်သည် လူ၊ တိရိစ္ဆာန်နှင့် သစ်ပင် ပန်းမာလာများကို နေ့စဉ်မပြတ် ကြည့်ရှု စောင့်ရှောက် တော်မူသည်။ ကျွန်ုပ်တို့ ဆုတောင်း မေတ္တာပြုခြင်း၊ အကူအညီ လိုအပ်သူများကို စေတနာ သန့်သန့်ဖြင့် ကူညီပေးခြင်း စသည်တို့သည် ကျွန်ုပ်တို့၏ ဘုရားသခင်အပေါ် ထားရှိသော ယုံကြည်ခြင်းပင် ဖြစ်သည်။ ငွေကြေးသည် အရေးမကြီးဟု မဆိုလိုပါ။ စားနိုင်၊ သောက်နိုင်၊ သားသမီးများ၏ ကျောင်းစရိတ် ထောက်ပံ့နိုင်၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာစွာ နေနိုင်ရန် ကြိုးစား အားထုတ်လျှင် လုံလောက်ပါသည်။ မိမိ၏စိတ်သည် လောကပစ္စည်း ဥစ္စာရတနာနောက် အလွန်အကျွံ လိုက်နေလျှင် လူ၏ အတွင်းစိတ်သည် “ဖိအား” အလွန်များလာလိမ့်မည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ထာဝရ ဘုရားသခင်ကို အချိန်ပေးခြင်း၊ မိမိ၌ရှိသော ပစ္စည်းဥစ္စာအချို့ကို လိုအပ်သူများအား ဝေငှပေးခြင်း စသည်တို့သည် ကျွန်ုပ်တို့၏ ဘဝကို ပို၍ပျော်ရွှင်စေပါသည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)