ကျွန်ုပ်တို့လူသားအချို့၏ ပင်ကိုယ်အတွင်းစိတ်သည် ကောင်းမှုတစ်ခု (သို့မဟုတ်) ကောင်းမှုများကို ပြုလုပ်ပြီးလျှင် အများသူငှာ၏ ချီးမွမ်းသံ၊ သဘောတူညီမှုကို ရလိုသော စိတ်ဆန္ဒရှိကြသည်။ သို့သော် သခင်ယေဇူး ရွေးချယ်တော်မူသော လမ်းစဉ်သည် အထက်ဖော်ပြ သကဲ့သို့ မဟုတ်ပဲ အဓိပ္ပါယ် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သခင်ယေဇူး အနာကြီး ရောဂါသည်အား ကုသပေးပြီး သန့်ရှင်း စင်ကြယ်ခြင်းသို့ ရောက်စေဟု မိန့်တော်မူပြီး ဤအကြောင်းကို မည်သူ့အားမျှ မပြောမိရန် ကာယကံရှင်ကို သတိပြုစေသည်။ ကာယကံရှင်အား ရဟန်းထံ သွားရောက်၍ သူ၏ရောဂါ ပျောက်ကြောင်း ပြသခိုင်းသည်။ လူတို့၏ရှေ့တွင် သက်သေခံစေသည်။ ကျွန်ုပ်တို့အတွက် ကမ္မဌာန်းရှုစရာ အချက်မှာ ယေဇူးသခင် သာသနာပြုရာ၌ စိတ်ဝင်စားသည့် အချက်မှာ မိမိကြည့်ရှု စောင့်ရှောက်ရသော သိုးစု၏ဝိညာဉ်ရေး လိုအပ်ချက်အပြင် ကိုယ်ခန္ဓာ အာဟာရအတွက် ပေးသနား တော်မူခဲ့သည်။ သိုးစု၏ ကောင်းကျိုးအတွက်သာ ဆောင်ရွက်တော်မူ၏။ မိမိ၏နာမည် ကျော်ဇောရန်အတွက် လုံးဝမပါပေ။ ကိုယ်တော်၏ လူသားအပေါ် ထားရှိသော အတိုင်းအဆ မရှိသော ချစ်ခြင်းမေတ္တာကြောင့် ကိုယ်တော်၏ နောက်လိုက်များဖြစ်သော ကျွန်ုပ်တို့သည် အတွင်းစိတ် လွတ်လပ်စွာဖြင့် သူတပါး၏ လေးစားခြင်းကို ခံကြရသည်။ ကျွန်ုပ်တို့တွင် မြင်နိုင်သော နူနာရောဂါနှင့် မမြင်နိုင်သော နူနာရောဂါ ကိုယ်စီ ရှိကြသည်။ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်မှု၊ လောဘကြီးခြင်း၊ မိမိ၏သက်တောင့် သက်သာရှိသော ဘဝတွင် သာယာနေခြင်း၊ မိမိ၏ စိတ်ကူးယဉ် အိမ်မက်ထဲတွင်သာ နစ်မွန်းနေခြင်း စသည်တို့သည် ဥပမာများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ အတွင်းစိတ်တွင်ရှိသော နူနာရောဂါကို ယေဇူးသခင် ကုသပျောက်ကင်းစေရန် တောင်းပန် လျှောက်ထားကြစို့။ သူတပါးထံမှ မည်သည့် တစ်စုံတစ်ရာ ကျေးဇူးတုံ့ပြန်မှုကို မမျှော်လင့်သော ချစ်ခြင်းမေတ္တာဖြင့် ဘုရားသခင်နှင့် အသင်းတော်အတွက် အစေခံကြပါစို့လို့ ဖိတ်ခေါ်ချင်ပါသည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)