လူတစ်ရာတပ်မှူး၏ သခင်ယေဇူးအပေါ် ယုံကြည်ခြင်း၊ မိမိ၏အစေခံကို ရောဂါပျောက်ကင်း စေခြင်းစသော အချက်များကြောင့် ယေဇူးသခင်၏ ရွှေစိတ်တော်သည် သနားဂရုဏာနှင့် ကုသ ပေးတော်မူခဲ့သည်။ “ဘုရားသခင် ရွေးကောက်ထားသော လူမျိုးတော်” ဟုခေါ်သော ဂျူးလူမျိုးများနှင့် ဖာရီဇေဦးတို့ သခင်ယေဇူးပေါ်တွင် ထားရှိသော ယုံကြည်ခြင်းနှင့် လူတစ်ရာတပ်မှူး၏ ဘုရားပေါ် ထားရှိသော ယုံကြည်ခြင်းသည် များစွာ ကွာခြားလေသည်။ လူတစ်ရာတပ်မှူးသည် Theology (သီအော်လော်ဂျီ)၊ (ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဝိနည်းတော်) Liturgy, ဥပဒေစသော ပညာရေးဆိုင်ရာ အတတ်ပညာကို မတတ်ပေ။ သို့သော် သူ၌ ယေဇူးသခင်ပေါ်တွင် ထားရှိသော ယုံကြည်ခြင်း၊ မိမိ၏ လက်အောက် ငယ်သားပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ၊ လွန်စွာ နှိမ့်ချလျက် မိမိ၏ လက်အောက် ငယ်သား ရောဂါ ပျောက်ကင်း ချမ်းသာ ရစိမ့်သောငှာ ကိုယ်တော့်ကို လျှောက်ထားလေ၏။ ကိုယ်တော်၏ ရွှေစိတ်တော်၌လည်း တပ်မှူး၏ ယုံကြည်ခြင်းကို သိမြင်တော်မူ၍ ကိုယ်တော်က “ငါလာ၍ သူ့ကို ပျောက်ကင်း သက်သာစေမည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် တပ်မှူး၏ စကားကိုကြားလျှင် အံ့ဩတော်မူ၍ “ဤမျှလောက် ကြီးမားသော ယုံကြည်ခြင်းကို အစ္စရာအဲလ် လူမျိုး၌ပင် ငါမတွေ့ဖူးသေး”ဟု မိန့်တော်မူ၏။ ယနေ့ ကျွန်ုပ်တို့သည်လည်း လူတစ်ရာတပ်မှူးကို အတုယူကာ ဟန်ဆောင်မှု ကင်းလျှက် ဘုရားသခင်၏ အကြီးမြတ်ဆုံး ပညတ်တော် နှစ်ပါးအတိုင်း “(၁)သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏စိတ်နှလုံး အကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ ချစ်လော့။ (၂)သင်နှင့် နီးစပ်သောသူကို သင့်ကိုယ်သင် ချစ်သကဲ့သို့ ချစ်လော့။”
#စစ္စတာရ် ဖလောရင်းရွှေ (SPC)