ယေဇူးခရစ်တော် သခင်၏ တပည့်တော်ကြီး (၁၂)ပါးတို့သည် တစ်ယောက်နှင့် တစ်ယောက် ကျောထောက် နောက်ခံခြင်း မတူညီကြပေ။ ကိုယ်တော်၏ နောက်လိုက် ဖြစ်လိုသူများ အားလုံးကို ယေဇူးသခင်က “ငါ့နောက်သို့လိုက်လော့”ဟု အမြဲဖိတ်ခေါ် နေပါသည်။ သခင်ဘုရား ကျွန်ုပ်တို့ကို လွတ်လပ်မှု ပေးထားပါသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် ရွေးချယ်ရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာသူများ အသိုင်းအဝိုင်းတွင် အချို့သော သူများသည် ငယ်စဉ် ကတည်းက မိဘ သို့မဟုတ် ဘိုးဘွားများ၏ ကျေးဇူးကြောင့် ဆေးကြောခြင်း စက္ကမင်တူးကို ခံယူခွင့် ရရှိခဲ့ကြသည်။ ၎င်းအပြင် အသက်အရွယ် ရောက်မှ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ သူများကြောင့် လည်းကောင်း၊ သူငယ်ချင်းများမှ တဆင့် လည်းကောင်း ဘာသာဝင်များ ဖြစ်လာကြသော အခွင့်ကို ခံစားခဲ့ကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့သည် ဆေးကြောခြင်း ခံပြီးသော သူများဖြစ်၍ ဘုရားသခင်၏ သားသမီးဖြစ်ပြီး ကောင်းကင်နိုင်ငံ၏ အမွေစား၊ အမွေခံ သားသမီးများ ဖြစ်ကြသည်။ ဤကဲ့သို့ အဖိုးအခ မပေးရဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဘုရား၏ သားသမီး ဖြစ်ခွင့် ရရှိခဲ့ကြသည်။ ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ကို ကျွန်ုပ်တို့ ကြိုးစားမှုအားဖြင့် ရရှိခဲ့သော ကျေးဇူးတော် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖိတ်ခေါ်သံကို မည်ကဲ့သို့ တုန့်ပြန် ကြမည်နည်း။ ယေဇူးသခင်၏ နောက်တော်သို့ လိုက်လိုသော သူများသည် အတွင်းစိတ် လွတ်လပ်မှုနှင့် ရိုးသား ဖြောင့်မတ်သော စိတ်ဖြင့် ဘုရားသခင်၏ အမှုတော်ကို ထမ်းနိုင်ရန် ကိုယ်တော်၏ ကျေးဇူးတော်ကို တောင်းခံကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)