ဧဝံဂေလိ ကျမ်းစာတော်အရနှင့် ကျွန်ုပ်တို့ လက်ရှိ နေထိုင်နေကြသော လူ့လောကတွင် နတ်ဆိုးသည် နည်းမျိုးစုံဖြင့် လူသားများကို နှောက်ယှက် နေကြသည်။ မကောင်းမှု၏ အာဏာရှင် ဖြစ်သော နတ်ဆိုးသည် လူသားများကို နှောက်ယှက်ရန်၊ ဒုက္ခပေးရန်၊ ဒုက္ခတွင်းထဲကျရန် အမြဲကြိုးစားနေသူ ဖြစ်သည်။ ကျွန်ုပ်တို့သည် နတ်ဆိုး၏ တကယ် ပကတိရုပ်ကို မမြင်ဖူးပေ။ သို့သော် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အနေအထားကို ကြည့်လျှင် ဤမကောင်းမှု၏ အာဏာပါဝါသည် လူအချို့တို့ကို ချည်နှောင် ထားသော အခြေအနေတွင် တွေ့ရှိရသည်။ ဥပမာ- မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အရက်သေစာ၊ လှော်စာ၊ လွန်ကျွံသုံးစွဲခြင်း၊ ကိလေသာ ကာမဂုဏ် ကျူးလွန်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အချင်းချင်း ညှဉ်းပန်း နှိပ်စက်ခြင်း စသည်တို့ ဖြစ်သည်။ အထက်ပါ ဥပမာထဲသို့ ခြေကျွန်ပြီး ဝင်ရောက် နေသူသည် ပထမဦးစွာ မိမိ၏ မိသားစု၊ ရပ်ကွက် ကျေးရွာရှိ ပြည်သူ ပြည်သားများ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရှိ သူများကို အန္တရာယ် ပေးနိုင်သည့်အပြင် တပါးသူ၏ ဘဝလုံခြုံရေးကိုပါ ထိခိုက် လာနိုင်ပါသည်။ ဤကဲ့သို့ နတ်ဆိုး၏ ကျော့ကွင်းတွင်မိ၍ နေထိုင်နေသော သူများသည် သခင်ယေဇူးနှင့် ထိပ်တိုက် ရင်ဆိုင် တွေ့ကြုံခဲ့သော သင်္ချိုင်းဂူ အကြားမှ နတ်ဆိုးစီးခြင်း ခံရသူနှင့် မခြားနားပဲ အတူတူ ဖြစ်နေပါသည်။ ထို့ကြောင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း အခွင့်အာဏာ၊ ရောဂါများကို ကုသ ပေးနိုင်ရန်အတွက် အသင်းတော်ကို တာဝန် ပေးထားခဲ့ပါသည်။ စက္ကရမင်တူးများကို ခရစ်တော် တည်ထောင် ပေးခဲ့ပါသည်။ အာပတ်ဖြေခြင်း စက္ကမင်တူးနှင့် ပရိတ်တော်ဆီ လူးမှတ်ခြင်း စက္ကရမင်တူးတို့သည် ကုသမှုပေးသော စက္ကရမင်တူးများ ဖြစ်ကြပါသည်။ ကျွန်တော်၊ ကျွန်မတို့ ကာသိုလိပ် ဘာသာဝင်များ အနေဖြင့် ယေဇူးခရစ်တော်ကို “စံ”ထားကာ ကိုယ်တော်ကဲ့သို့ မိမိ၏ ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းတွင် နတ်ဆိုးပူး ခံရသကဲ့သို့ ခံစားနေရသော ညီအစ်ကို မောင်နှမများကို နတ်ဆိုး၏ ကျော့ကွင်းမှ လွှတ်မြောက်နိုင်ရန် ကူညီပံ့ပိုး ပေးခြင်းအားဖြင့် သော်လည်းကောင်း၊ မိမိလက်လှမ်း မီသလောက် သူတို့ကို နတ်ဆိုး၏ ကျော့ကွင်းမှ လွတ်မြောက်နိုင်အောင် ဝိုင်းဝန်း၍ ကူညီကြပါစို့။ ဘုရား ကျေးဇူးတော်ကို တောင်းခံလျှက် ကူညီကြပါစို့လို့ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)