ဘုရားကျောင်းတော်သည် စျေးရောင်းရမည့် နေရာမဟုတ်၊ (ယောဟန် ၂း၁၆) လူအများ ဘုရားရှိခိုးရန် ဆုတောင်းဝတ်ပြုရန် ဆောက်လုပ်ထားသော အိမ်တော်ဖြစ်သည်။ ငါ၏အိမ်တော်သည် လူမျိုးတကားတို့၏ ဆုတောင်းရာ အိမ်ဟု အခေါ်ခံရလိမ့်မည် (ဟေရှာယ ၅၆း၇) ဟေရှာယ၏ ဖော်ပြချက်တွင် ဘုရားကျောင်းတော်ကို ဂျူးလူမျိုး သက်သက်အတွက် ဆုတောင်းရာအိမ်ဟု မဖော်ပြဘဲ လူမျိုး တကာတို့အတွက် ဆုတောင်းရာအိမ်ဟု ဖော်ပြထားပါသည်။ ယနေ့ကျမ်းစာထဲတွင် ဗိမ္ဗာန်တော်ကို အမှန်တကယ် ဖျက်ဆီးသူမှာ သခင်ယေဇူး မဟုတ် ဘုရားရှိခိုးရမည့်နေရာကို ဈေးဆိုင်ပြုလုပ်သူနှင့် ဓါးပြ ပုန်းအောင်းရာ နေရာအဖြစ် အသုံးပြုသူများသာဖြစ်သည်။သခင်ယေဇူးသည် စိတ်ဆိုးသင့်သောအခါ စိတ်ဆိုးမှု လိုအပ်ကြောင်း ပြသတော်မူသည်။ သခင်ယေဇူးသည် အပြစ်ဒုစရိုက်များ၊ မတရားမှုများ ဘုရားရှိခိုးရမည့် နေရာတွင် မြင်တွေ့သောအခါ စိတ်ဆိုးမှုကို ပြသတော်မူခဲ့သည်။ သခင်ယေဇူး၏ စိတ်အားထက်သန်မှုသည် ခမည်းတော်ပေးသော တာဝန်ကို ဆောင်ရွက်လိုသည့်စေတနာ၊ မိမိချစ်သော ဘာသာဝင် သိုးစုအတွက် အသက်ပေး ကာကွယ်သည့် သိုးထိန်း၏စေတနာ ကားတိုင်ပေါ်တွင် အသေခံတော်မူသည်အထိ ဘုရားပေးတာဝန်ကို ဆောင်ရွက်လျှက် လူတို့ကို ချစ်တော်မူသော သိုးထိန်း ဖြစ်တော်မှု၏။ ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမ္ဗာန်တော်၌ သွန်သင်ဟောပြော တော်မူသည်။ လူအပေါင်းတို့သည် ကိုယ်တော်၏ တရားတော်ကို လေးစားစွာ နားထောင်လျှက် နေကြသည်။ (လုကာ ၁၉း ၄၇-၄၈) ကျွန်ုပ်တို့တစ်တွေသည်လည်း မိမိတို့ရဲ့ ယုံကြည်ခြင်းနှင့် ဘုရားကျောင်းတော်များသို့ သွားသည့်အခါတိုင်း ဘုရားနှင့် ပိုမိုနီးစပ်လာခြင်း၊ နှုတ်တော်ထွက် စကားတော်များကို ကြားနာရာမှ နောင်တစွဲပြီး အပြစ်ဒုစရိုက်များကို စွန့်လွှတ်လျှက် မိမိတို့၏ ဘ၀ကိုပြုပြင်ပြီး ခရစ်တော်ရှင်၏ သွန်သင်ချက်အတိုင်း ပြောဆို၊ ကျင့်ကြံ နေထိုင်ရင်း ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်ကောင်းများအဖြစ် နေထိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့ တစ်ဦးစီတွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့သည် ဘုရားကျောင်း သွားသောအခါ တကယ်ဆုတောင်းလိုသော ဆန္ဒဖြင့်သွားပါသလား။
#စစ္စတာရ် ဖလော်ရီ (SPS)