ဒီနေ့ ကျမ်းစာမှာ ခရစ်တော်က မာတေဦးကို ရွေးကောက် ခေါ်တော်မူခြင်းကို တွေ့ရပါတယ်။ ဘာသာရေး အသိုင်းအဝိုင်းမှာ ပြောလေ့ပြောထရှိတဲ့ စကားတစ်ခု ရှိတယ်။ ခေါ်တော်မူခြင်း ခံရသောသူ များပေမဲ့ ရွေးကောက်ခြင်း ခံရတဲ့သူက နည်းတယ်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီနေ့မှာ အဲဒီအရာနှစ်ခုစလုံးကို မာတေဦးဆီမှာ ပြည့်စုံစေပါတယ်။ “Called and Chose” ခေါ်တယ်၊ ရွေးကောက်တယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေကို ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာလည်း တွေ့ရပါတယ်။ ပုံစံမတူ၊ အချိန်ကာလမတူ၊ အကျိုးအကြောင်း မတူတဲ့ အနေအထားနဲ့ ဘုရားက ခေါ်တယ်၊ ရွေးချယ်တယ်။ ဒီနေ့ ဘုရားက အပြစ်သားကြီးလို့ သတ်မှတ်ထားတဲ့ အခွန်ခံ မာတေဦးကို သူ့ရဲ့ တပည့်တော်ကြီးရာထူးအဖြစ် ဘာလို့ခေါ်လဲဆိုတဲ့ ဝေဖန်မှုကြီးကို ခံရပါတယ်။ ဒီအခါမှာ ဘုရားက ဖျားနာသောသူဟာ ဆေးဆရာကို အလိုရှိသလို “ငါသည် ယဇ်ပူဇော်ခြင်းထက် သနားကြင်နာခြင်းကို ပိုအလိုရှိတယ်”လို့ တုန့်ပြန်လိုက်ပါတယ်။ ဒီနေရာမှာ ကျွန်ုပ်တို့ နားလည်ထားရမှာက ဘုရားက လူတွေမြင်သလို မမြင်ဘူး။ လူတွေ မမြင်တဲ့အရာကို မြင်ပါတယ်။ ဒါကို နားလည်ဖို့အတွက် မာတေဦးရဲ့ဘဝကို ပြန်ကြည့်ဖို့ လိုပါတယ်။ မာတေဦးဟာ ဝေဖန်မှုတွေ ကြားထဲမှာ ဘယ်လောက်တောင်မှ သူကိုယ်သူ လူကောင်း ဖြစ်ချင်မလဲ။ ကောင်းတဲ့အရာတွေနဲ့ ဒီမကောင်းမှုတွေကို ပြန်ပြီးတော့ ပေးဆပ်ချင်တဲ့ သူ့နှလုံးသားကို ဘုရားက မြင်တယ်။ ဒီနှလုံးသားကို လူတွေက မမြင်ပါဘူး။ ကျွန်ုပ်တို့လည်း ကြုံတွေ့ရဖူးပါတယ်။ မကောင်းမှုတစ်ခုကို ကျွန်ုပ်တို့ ပြောမိတယ်၊ လုပ်မိတယ်ဆိုရင် အဲဒီမကောင်းမှုကို ချေပဖို့အတွက် နောက်တစ်ခေါက် မမှားရအောင်ဆိုတဲ့ စိတ်ထဲမှာ ဆာငတ်မှုတွေ ရှိပါတယ်။ ဒါကို ဘုရားက မြင်ပါတယ်။ ဒါကြောင့် ဘုရားက မာတေဦး “ငါ့နောက်သို့ လိုက်လော့”ဟု ခေါ်တာနဲ့ မာတေဦး ချက်ချင်း လိုက်သွားတာကို တွေ့ရပါတယ်။ ဘုရားကလည်း သူဒီလို တုန့်ပြန်မယ်ဆိုတာကို သိပါတယ်။ ရှေ့မှာ ပြောခဲ့သလို ရွေးကောက်ခြင်း ဘာလို့နည်းသလဲဆိုတော့ တုန့်ပြန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုပုံစံနဲ့ တုန့်ပြန်သလဲဆိုတဲ့အပေါ် မူတည်ပြီး ရွေးကောက်ခြင်း ခံရပါတယ်။ ကျွန်ုပ်တို့မှာ မတူညီတဲ့ အခြေအနေတွေ၊ နေရာတွေ ရှိတယ်။ ဘုရားက ကျွန်ုပ်တို့ကို ခေါ်သုံးတဲ့ ပုံစံချင်းမတူဘူး။ အလင်းပေးပုံခြင်း မတူဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့က တစ်ပါးသူရဲ့ အကျိုးအတွက် လုပ်ချင်တယ်။ ဘုရားရဲ့ သာသနာ့လယ်ကွင်းမှာ ပါဝင်ချင်တဲ့ဆိုတဲ့ ဆာငတ်မှုနဲ့ အမှားတွေအတွက် ပြန်ပေးဆပ်ချင်တယ်ဆိုတဲ့ ဆာငတ်မှုတွေနဲ့ တုန့်ပြန်မယ်ဆိုရင် ဘုရားသခင်က သူရဲ့ တကယ့်လူအဖြစ် ရွေးကောက်မှာ ဖြစ်ပါတယ်။