လူတိုင်းမှာ လူတစ်ကိုယ် စိတ်တစ်မျိုး ရှိကြပါတယ်။ စိတ်က ကောင်းတဲ့စိတ် ဖြစ်ချင်ဖြစ်မယ်။ မကောင်းတဲ့စိတ် ဖြစ်ချင်ဖြစ်မယ်။ ဥပမာ- ဒီလူကတော့ သဘောကောင်းတယ်။ ရက်ရောတယ်။ ဒီလူကတော့ စိတ်တိုတယ်။ ကောက်ကျစ်တယ် ဆိုတာမျိုးပါ။ တမန်တော်ကြီးတွေလည်း ဒီလိုပါပဲ။ ဒီနေ့ ကျင်းပတဲ့ တမန်တော်ကြီး သောမတ်က “Doubting” လို့ခေါ်တဲ့ သံသယစိတ် ရှိပါတယ်။ ငယ်ငယ်တုန်းက အဖေအမေတွေ “How to do” နဲ့ “Not to do” ဆိုတဲ့ အရာနှစ်ခုကို သင်ပေးပါတယ်။ အသင်းတော်နဲ့ အဖွဲ့အစည်းတွေမှာလည်း ဒီ Guide Line နှစ်ခုနဲ့ လုပ်ဆောင်ကြပါတယ်။ တမန်တော်ကြီး သောမတ်စ်က ဒီနေရာမှာ “မလုပ်ရဘူး”ဆိုတဲ့ သင်ခန်းစာကို သွန်သင်ပါတယ်။ ဒီသွန်သင်ချက်ကို ဘုရားသခင်ကလည်း သဘောတူပါတယ်။ လက်ခံပါတယ်။ ဒီနေ့ကျမ်းစာ John 20: 24-29 အဆုံးပိုင်းမှာ “သင်သည် မြင်၍ယုံတယ်။ မမြင်ရဘဲ ယုံတဲ့သူဟာ မင်္ဂလာရှိတယ်”လို့ ပြောထားပါတယ်။ တမန်တော်ကြီးလို လူ့ဇာတိအမြင်နဲ့ မြင်တဲ့အခါမှာ ခံစားရမဲ့ ကျေးဇူးတော်တွေဟာ ဆုံးရှုံးရတတ်တယ်။ ဒီနေ့ ဘုရားသခင် တောင်းဆိုတာဟာ မမြင်ရဘဲ ယုံကြည်တဲ့သူဟာ မင်္ဂလာရှိတယ်တဲ့။ တမန်တော်ကြီးက သူ့ရဲ့သံသယစိတ်ဟာ မကောင်းဘူး၊ မလုပ်နဲ့ဆိုတဲ့အရာကို ဘဝနဲ့သွန်သင်ခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း မိမိကိုယ်ကို ဆန်းစစ်ကြည့်ရအောင်။ ဘုရားနဲ့ ပတ်သက်လာရင် လူ့ရဲ့ ဉာဏ်စွမ်းနဲ့ မတိုင်းတာဖို့၊ မသတ်မှတ်ဖို့ အတွက်ပါ။ မမြင်ရပေမဲ့ ဘုရားက ကျွန်ုပ်တို့ကို ကယ်တင်တယ်ဆိုတာကို ကျွန်ုပ်တို့က သက်ဝင်ယုံကြည်ဖို့ လိုပါတယ်။ ပထမကျမ်းမှာ သံပေါလူးက သင်တို့ဟာ သူစိမ်း မဟုတ်တော့ဘူး။ အမွေစား၊ အမွေခံတွေ ဖြစ်တယ်လို့ ပြောပါတယ်။ သံပေါလူး တရားဟောတဲ့အချိန်မှာ ခရစ်တော်က ခန္ဓာအားဖြင့် မရှိတော့ပါဘူး။ မမြင်ရဘဲ ယုံကြည်တဲ့သူဟာ မင်္ဂလာရှိတယ် ဆိုတဲ့အရာမှာ ဘုရားရဲ့ သားသမီး ဖြစ်ခွင့်ရခြင်းပါ။ ဒီနေ့ သံပေါလူးရဲ့စကားကို ကျွန်ုပ်တို့ စိတ်နှလုံး သွင်းကြရအောင်။ ကျွန်ုပ်သည် ဘုရားကို မမြင်ရဘဲ ယုံကြည်သည့်အတွက် ဘုရားရဲ့ နိုင်ငံတော်မှာ အမွေစား၊ အမွေခံ နိုင်ငံသား မှတ်ပုံတင် ရထားသူဆိုတာ နှလုံးသွင်းပြီး တန်ဖိုးထားကြရအောင်။
#Fr.ရောဘတ် ကျော်သူ (MSP)