Gen 28: 10 – 22 မှာ Jacob ရဲ့ အိမ်မက်ကို ကြားသိရမှာ ဖြစ်ပါတယ်။ ဒီအိမ်မက်မှာ အဓိကဇာတ်ကောင်က လှေကားထစ်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေကြီးကနေ ကောင်းကင်ထိ ဆက်ထားတဲ့ လှေကားထစ် အရှည်ကြီး ဖြစ်ပါတယ်။ သိကြားတွေ ဆင်းလိုက်၊ တက်လိုက် လုပ်တာ တွေ့ရမယ်။ ဘုရားက ငါသည် သင့်အဖ အာဗြံဟမ်၊ အီဇက်တို့ရဲ့ ဘုရားဖြစ်တယ်။ သင့်ကိုလည်း ဆက်လက် ကောင်းကြီးပေးမယ်ဆိုတဲ့ သတင်းစကားကိုလည်း ကြားရမှာ ဖြစ်တယ်။ ကျွန်ုပ်တို့ လှေကားထစ်ဆိုတဲ့အရာကို စဉ်းစားကြည့်ရအောင်။ လမ်းတွေမှာ တံတားဆိုတာ ရှိသလို အိမ်တွေမှာလည်း လှေကားထစ်ဆိုတာ ရှိတယ်။ လှေကားထစ်နဲ့ တံတားတွေရဲ့ သဘောသဘာဝကို ကြည့်မယ်ဆိုရင် မတူညီတဲ့ အရာနှစ်ခုကို ဆက်သွယ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ မြစ်ချောင်းတစ်ချောင်းကို တံတားထိုးတဲ့အခါမှာ ကူးလူးဆက်ဆံရေး အဆင်ပြေတယ်။ လှေကားထစ်ရဲ့ သဘောသဘာဝကလည်း မတူညီတဲ့အရာကိုဆက်သွယ်ပေးတယ်။ ဆက်သွယ်ပေးခြင်းဆိုတဲ့အရာမှာ ကောင်းခြင်းတွေ၊ ကူညီပေးခြင်း၊ အားပေးမှုတွေဖြစ်တယ်။ စစ်တိုက်ခြင်းရဲ့ သဘောသဘာဝမှာ ရန်သူကို နှိမ်နှင်းချင်တယ်ဆိုရင် ရိက္ခာတွေ ထည့်ရတယ်။ သူတို့သွားလာတဲ့ တံတားတွေကို မှိုင်းခွဲရတယ်။ တံတားမရှိရင် သွားလာဖို့ ခက်ခဲတယ်။ ဒီနေ့ ဘုရားသခင်က လှေကားထစ်ကို ကောင်းကင်ကနေ မြေကြီးကို ဆက်ထားတယ်ဆိုတာ သူ့ရဲ့လူတွေနဲ့ ကူးလူးဆက်ဆံချင်တယ်။ ဆက်သွယ်ချင်တယ်။ သိကြားတမန်တွေကလည်း လူတွေအတွက် အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ဘဝမှာ လှေကားဖြစ်နိုင်အောင် ကြိုးစားကြရအောင်။ ခရစ်ယာန်ဘဝအသက်တာမှာ ဘုရားပြောတဲ့ တရားတွေကို နှလုံးသွင်းပြီးတော့ တပါးသူကို ဘုရားမျက်နှာထောက်ပြီး ကူညီရမယ်။ ဆက်ဆံရမယ်။ ဧဝံဂေလိကျမ်းစာမှာကြည့်မယ်ဆိုရင် Mt 9: 18 -26မှာ အဖေဖြစ်သူက မသွားနိုင်တဲ့ သမီးအတွက် ကောင်းကြီးသွားတောင်းခံတယ်။ဒါတံတားထိုးတာပဲ။ ကုသခြင်းတံတား၊ ရှင်ပြန်ထမြောက်ခြင်းတံတား ဖြစ်ပါတယ်။ သွေးသွန်နာ စွဲနေတဲ့ အမျိုးသမီးကလည်း ကြိုးစားပြီး ခရစ်တော်ရဲ့ အဝတ်စကို တို့ထိနိုင်သွားတယ်။ ဒါသူ့ရဲ့ကြိုးစားမှုတံတား။ ဒါကြောင့် ဧဝံဂေလိကျမ်းမှာ ယုံကြည်ခြင်းကို တွေ့ရပါတယ်။ ကျွန်ုပ်တို့တပါးသူအတွက် ကောင်းရာကောင်းကျိုး လုပ်တယ်ဆိုတာက ခရစ်ယာန်ယုံကြည်ခြင်းကို အခြေခံခြင်းဖြစ်တယ်။ ဘုရားမျက်နှာထောက်ပြီး တရားသဘောကိုနှလုံးသွင်းပြီးတော့ လုပ်ခြင်းဖြစ်တယ်။ သိကြားတမန်တွေက ဘုရားရဲ့သတင်းတွေကို သယ်ဆောင်သလို ကျွန်ုပ်တို့လည်း တပါးသူထက် ကောင်းကြီးပိုရလို့ အားနည်းတဲ့သူတွေကို ကူညီဖို့ ဖြစ်ပါတယ်။ တံတားတွေဖြစ်ဖို့၊ သတင်းကောင်း သည်ဆောင်သူတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ဘဝအသက်တာမှာ တစ်ပါးသူတွေအတွက် အကျိုးဖြစ်တဲ့ တံတား၊ တစ်ပါးသူတွေအတွက် အကျိုးဖြစ်တဲ့ လှေကားထစ်တွေ ဖြစ်နိုင်ဖို့ ကြိုးစားသွားရအောင်။
#Fr.ရောဘတ် ကျော်သူ (MSP)