(Mt 1၀: 1-7) မှာ အချက်(၂)ချက် တွေ့ရပါတယ်။ ပထမတစ်ချက်မှာ တပည့်တော်ကြီး (၁၂)ပါး နာမည်တွေကို တပ်ပြီးတော့ သူတို့ကို လုပ်ပိုင်ခွင့် အခွင့်အာဏာ ပေးတယ်။ ကောင်းကျိုးဆောင်ဖို့၊ လူနာတွေကို ကုသဖို့၊ ဟောပြောဖို့အတွက် အခွင့်အာဏာဖြစ်ပါတယ်။ ဒီအခွင့်အာဏာကို ရထားတဲ့ တပည့်တော်ကြီးတွေကလည်း သူတို့ဘဝမှာ တကယ်ကို လုပ်ဆောင်ခဲ့တယ် ဆိုတာကို သိရတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ဒီလိုသွားတဲ့အခါမှာ လိုတဲ့သူတွေဆီကို သွားဖို့အတွက် ဖြစ်တယ်။ လိုတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ Lost and Need ပျောက်ဆုံးနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ခန္ဓာကိုယ် ဖျားနာတာ မဟုတ်ဘဲ ဝိညာဉ်ရေးမှာ ဖျားနာတဲ့ ပုဂ္ဂိုလ်တွေ အသိုင်းအဝိုင်းမှာ အများကြီး ရှိတယ်။ ဒီလို ပျောက်ဆုံးနေတဲ့သူတွေ၊ ဖျားနာနေတဲ့ သူတွေကို ကျွန်ုပ်တို့က သွားပြီးတော့ ကုသပေးဖို့ ဖြစ်တယ်။ နောက်ပြီး ခန္ဓာကိုယ် အားနည်းတာထက် စိတ်ပိုင်းဆိုင်ရာမှာ အားနည်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒါကို ကျွန်ုပ်တို့က နှစ်သိမ့်အားပေးဖို့ နဲ့ လမ်းပြပေးဖို့အတွက် ဖြစ်တယ်။ ဘုရားသခင်က တပည့်တော်ကြီး (၁၂)ပါးကို ဒီလိုအခွင့်အာဏာပေးတဲ့အခါမှာ တပည့်တော်ကြီးတွေ လုပ်ဆောင်သလို ကျွန်ုပ်တို့လည်း ခေတ်သစ် တပည့်တော်ကြီးများ ဖြစ်ကြပါတယ်။ ဆေးကြောခြင်း ခံယူပြီးတဲ့ ပုဂ္ဂိုလ်တိုင်းဟာ တမန်တော်လေးများ ဖြစ်ပါတယ်။ ဒီတာဝန်ဝတ္တရားဟာ တပါးသူအတွက် အလင်းဖြစ်ဖို့အတွက်၊ တစ်ပါးသူကို ကူညီဖို့အတွက်၊ ပျောက်နေတဲ့သူတွေကို ရှာဖွေဖို့အတွက်၊ အားနည်းနေတဲ့ သူတွေကို အားပေးဖို့အတွက် ဖြစ်ပါတယ်။ ဒီဝတ္တရားတွေကို ဆေးကြောခြင်း ခံယူပြီးတဲ့ ဘုရားသားသမီးတိုင်းက တာဝန်ရှိပါတယ်။ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်၊ ထိတွေ့နေတဲ့ ပုဂ္ဂိုလ်တိုင်းကို ကျွန်ုပ်တို့က အမြဲတမ်း သတိမူပြီးတော့ ရှာဖွေတတ်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာအဆုံးထိသွားမှ တရားဟောတာ မဟုတ်ဘဲ ရိုးရိုးသာမန် နေ့စဉ်ဘဝသက်တာမှာ ဝိညာဉ်ရေးမှာ အားနည်းတဲ့သူတွေ၊ ပျောက်တဲ့သူတွေ၊ အမှောင်ကျနေတဲ့သူတွေကို ရှာဖွေတွေ့ရှိပြီး ဘုရားသခင်ဆီကို ပြန်လည်ပို့ဆောင်ပေးဖို့အတွက် ဖြစ်ပါတယ်။ အားနည်းတဲ့သူကို အားပေးစကားလေးတစ်ခွန်း အပြုအမူလေးတွေနဲ့ ပြုမူ အသက်ရှင်ဖို့ အရေးကြီးပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)