Mt 10: 7-15 ဒီနေ့ကျမ်းပိုဒ်မှာ သခင်ယေဇူးက အချက်(၂)ကို ထောက်ရှုဖို့အတွက် သတိပေး နေပါတယ်။ နံပါတ်တစ်အနေနဲ့ ကျွန်ုပ်တို့ကို လုပ်စေချင်တဲ့ အရာက ဘာလဲဆိုတော့ အဖိုးအခ မပေးဘဲ သင်တို့ လက်ခံရရှိသလို အဖိုးအခ မယူဘဲ ပေးကြပါ။ ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာ တစ်ခုခု လုပ်ပြီဆို ဘာရမလဲဆိုတဲ့ မျှော်လင့်ချက်ရှိတတ်ကြတယ်။ ပြီးတော့ ကျွန်ုပ်တို့ လုပ်ပေးလိုက်ရင် အဖိုးအခတွေ တောင်းတယ်။ ပစ္စည်းဥစ္စာ မဟုတ်ပေမဲ့ မေတ္တာပေးမယ် ဆိုရင်တောင် မေတ္တာပြန် မရရင် ဒေါသထွက်တယ်။ စိတ်ဆိုးတယ်၊ မုန်းတတ်ကြတယ်။ ကျွန်ုပ်တို့ ပေးလိုက်တဲ့ မေတ္တာတရား ဒါမှမဟုတ် ပစ္စည်းကရော ဘယ်ကလာသလဲဆိုတာ ကျွန်ုပ်တို့ပြန်ပြီး စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ မေတ္တာပြတယ်ဆိုတဲ့အလုပ်က လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ဒါကို ဘုရားသခင်က သင်နှင့်ကျွန်ုပ်ကို တစ်မူထူးခြား ပေးထားတဲ့ ကျေးဇူးတော်၊ ပါရမီတစ်ခု ဖြစ်တယ်။ ဒီလို မေတ္တာပြနိုင်ဖို့အတွက် ကျန်းမာခြင်း၊ စိတ်ထားကောင်းမွန်ခြင်းတွေ ဘုရားသခင် ပေးလို့ဖြစ်တယ်။ ဒီအရာတွေကို ကျွန်ုပ်တို့ တပါးသူကို ပေးတဲ့အခါမှာ ဘာလို့ အဖိုးအခ တောင်းရတာလဲ ဆိုတာကို ဘုရားက သတိပေးခြင်း ဖြစ်တယ်။ ဒုတိယအချက်အနေနဲ့ ဘုရားရဲ့သာသနာတော်မှာ ကျွန်ုပ်တို့က ပါဝင်တဲ့အခါမှာ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့အခါမှာ လူမှုရေးတွေမှာ ပါဝင်တဲ့အခါမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်ခုတောင်းဆိုပါတယ်။ သူ့အပေါ်မှာ လုံးလုံးလျားလျား ယုံကြည်ဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ ခရီးသွားတဲ့အခါမှာ Tools ပစ္စည်း၊ ကိရိယာတွေ လိုအပ်တယ်။ ဒါတွေ မပါရင် အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ဒီပစ္စည်းတွေကို အားကိုးပြီး တစ်စုံတစ်ခုကို လုပ်တဲ့အခါမှာ ဒီကိရိယာတွေရဲ့ တန်ဖိုးကို နားလည်တယ်။ ဒီကိရိယာတွေထက် ပိုပြီးတော့မှ ကြီးမားတဲ့အရာက ဘာလဲဆိုတော့ ဘုရားရဲ့ အကူအညီ ဖြစ်တယ်။ လိုအပ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီအရာတွေထက် ပိုပြီးအရေးကြီးတာက သူအပေါ်မှာ လုံးလုံးလျားလျား ယုံကြည်ပြီးမှ လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ တခါတလေ ဖြစ်တတ်တာက ကျွန်ုပ်တို့ လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်စွမ်း၊ အတတ်ပညာ၊ စွမ်းဆောင်မှုတွေကို ရှေ့တန်းတင်ပြီးမှ လုပ်တတ်ကြတယ်။ ဒါပေမဲ့ ဘုရားက ထပ်ပြီးမှ သတိပေးတယ်။ သူ့ကို ပိုပြီးမှ ယုံကြည်ဖို့အတွက် သူကစီမံရင်ဖြစ်တယ် ကျွန်ုပ်တို့ သွားတဲ့အရပ်မှာ ပြောဖို့စကားလုံးတွေ ဉာဏ်ပညာ အလင်းတွေလည်း ပေးတယ်။ လုပ်တဲ့အခါမှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထက် ကြီးမားတဲ့၊ ကျွန်ုပ်တို့တက်စွမ်းခြင်းထက်သာတဲ့ စွမ်းအင်ကို ဖြည့်ဆည်းပေးမယ်။ ဒီအရာတွေဟာ ကျွန်ုပ်တို့ပြောခဲ့တဲ့ ကိရိယာတွေထက် ပိုပြီးစွမ်းတယ်၊ အကျိုးရှိတယ်ဆိုတာကို သတိထားကြစို့။
#Fr.ရောဘတ် ကျော်သူ (MSP)