Mt 10: 24-33 မှာ ပထမတစ်ချက်အနေနဲ့ ဘုရားသခင်က ကျွန်ုပ်တို့ကို ပြောစရာရှိတာ ရဲရဲပြောဖို့၊ လုပ်စရာရှိတာ ရဲရဲလုပ်ဖို့အတွက် ခိုင်ခိုင်မာမာ အားပေးထားပါတယ်။ ဘုရားရဲ့သားသမီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ တာဝန်ဆိုတာ ပါလာပါတယ်။ မိမိခံယူထားတဲ့ ဘဝသက်တာအတိုင်း အကောင်းဆုံး နေထိုင်အသက်ရှင်ဖို့ဖြစ်တယ်။ သူပြောထားတာက လျှို့ဝှက်ချက်ဆိုတာ မရှိဘူး။ အရာအားလုံးဟာ ပေါ်လွင်ပါတယ်။ ဒါကြောင့် သင်တို့ရဲ့အလင်းကို ရဲရဲသာလင်းကြပါ။ ပြောရမဲ့အရာတွေကို ရဲရဲသာ ပြောကြပါ။ မကြောက်ပါနဲ့တဲ့။ ဒုတိယအချက် အနေနဲ့ကတော့ ခမည်းတော်ဘုရားရဲ့ စောင့်ရှောက်မှု၊ ကျေးဇူးတော်တွေနဲ့ လမ်းပြမှုကို ပြောပြထားပါတယ်။ ဘာဖြစ်လို့ စိုးရိမ်နေကြသလဲ။ သင်တို့ဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာအားလုံးရဲ့ အထက်မှာရှိတယ်။ ခမည်းတော်က သင်တို့ကို ဘယ်လောက်တောင် ဂရုစိုက်သလဲဆိုရင် သင်တို့ခေါင်းက ဆံပင်တွေ ဘယ်လောက်ရှိလဲ ဆိုတာတောင် သိတယ်တဲ့။ ဆိုလိုချင်တာက ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းတဲ့အခါမှာ သူ့ရဲ့လက်ရာ ဖြစ်တဲ့အတွက် ဘယ်နားမှာ ဘာရှိလဲ၊ ဘာတွေဖြစ်နေလဲ ဆိုတာကို အကုန်သိတယ်။ ဒါကြောင့် သူပြောထားပါတယ်။ သင်တို့ရဲ့ ခန္ဓာကိုယ်ကို သေစေနိုင်တဲ့အရာကို မကြောက်ပါနဲ့တဲ့။ ဒီခန္ဓာရဲ့အလွန် ဝိညာဉ်ကို ဦးစားပေးပြီး နေထိုင်ဖို့ ပြောပြနေပါတယ်။ တတိယအချက်အနေနဲ့ ဒီလိုဘဝကို ရဲရဲနေထိုင်၊ ဟောပြော လုပ်ကိုင်တဲ့ အခါမှာ ဖျက်ဆီးမဲ့သူတွေကို မကြောက်နဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခမည်းတော်ဘုရားက သင်တို့ကို စောင့်ရှောက်နေတယ်။ သိနေ၊ မြင်နေ၊ ကူညီနေတယ်။ ကျွန်ုပ်တို့ဟာ ရှက်ပြီး မပြောရဲဘူး၊ ခရစ်ယာန်ဘဝသက်တာကို မပြရဲဘူး၊ ကိုယ့်အလင်းတွေကို မလင်းရဲဘူး၊ လုပ်သင့်တဲ့အရာတွေကို မလုပ်ရဲဘူးဆိုရင် ဘုရားက သင်ငါ့ကိုငြင်းတဲ့အတွက်သင်လည်း ငြင်းဆိုခြင်း ခံရမယ်တဲ့။ ဒါပေမဲ့ ဘုရားရဲ့လုပ်ငန်းတွေမှာ စဉ်ဆက်မပြတ် ကိုယ့်ရဲ့ခရစ်ယာန် ဘဝသက်တာကို တန်ဖိုးထားပြီး သွားလာ၊ လှုပ်ရှားတယ်ဆိုရင် အဲဒီလူကို ဘုရားက အသိအမှတ်ပြုတယ်။ လက်ခံတယ်၊ အားပေးတယ်။ ဆက်လက်ပြီးတော့လည်း စောင့်ရှောက်မယ်၊ ကျေးဇူးတော်တွေ ထပ်ပေးမယ်ဆိုတာကို ကတိပေးပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)