ပထမကျမ်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဘုရားရဲ့တန်ခိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ပရောဖက်အာမုတ်ကို ရွေးချယ်ခြင်းဖြစ်တယ်။ ပရောဖက်အာမုတ်က ဘာပြောလဲဆိုရင် ကျွန်ုပ်ရဲ့အမျိုးမှာ ပရောဖက်တွေ မရှိဘူး။ ကျွန်ုပ်ကလည်း ပရောဖက်အမျိုး မဟုတ်ဘူး။ ရိုးရိုးသာမန် သိုးကျောင်းသား၊ သဖန်းသီးတွေကို ဆွတ်ခူးတဲ့သူ ဖြစ်တယ်လို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ ဘုရားကရွေးတယ်။ လူတွေကို ငါပြောခိုင်းတဲ့အတိုင်း သွားပြောပါလို့ တာဝန်ပေးတယ်။ ဧဝံဂေလိကျမ်းမှာဆိုရင် သခင်ခရစ်တော်က တပည့်တော်ကြီးတွေကို (၂)ပါးစီ စေလွှတ်တာကို တွေ့ရပါတယ်။ သာမာန်လုပ်သား တံငါသည်တွေဖြစ်တယ်။ အပြစ်သည်၊ အခွန်ခံတွေ ဖြစ်ပါစေ။ ဘုရားသခင်က ဒီလို ရိုးရိုးသာမာန်လူတွေကို အသုံးချထားတယ်ဆိုတာကို ကျွန်ုပ်တို့ တွေ့ရပါတယ်။ ဒီနေရာမှာ ဘုရားသခင် လုပ်ဆောင်တဲ့၊ မြင်တဲ့၊ တွေးတဲ့ အရာတွေဟာ ကျွန်ုပ်တို့နဲ့ မတူဘူးဆိုတာ တွေ့ရပါမယ်။ ဘာဖြစ်လို့ ဘုရားက ပညာရှိတွေ၊ ဂုဏ်သိက္ခာရှိတဲ့သူတွေကို မရွေးသလဲ။ ရိုးရှင်းတဲ့အဖြေတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဒီသာမာန်ပုဂ္ဂိုလ်တွေဟာ သူတို့ဘဝမှာ အားကိုးစရာ။ ပညာမရှိကြဘူး။ ကြွားဝါစရာဂုဏ်မရှိတဲ့အတွက် တစ်စုံတစ်ယောက်ကို အမြဲတမ်း အားကိုးရတယ်ဆိုတာ တွေ့ရတယ်။ အားကိုးတတ်တဲ့စိတ်လည်း ရှိပါကြတယ်။ ဒါကို ဘုရားက အသုံးချတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ရဲ့ သာသနာလယ်ကွင်းမှာ အလုပ်လုပ်တဲ့အခါမှာ မိမိရဲ့ပညာ၊ မိမိရဲ့ဂုဏ်သိက္ခာနဲ့ အလုပ်လုပ်လို့ မရပါဘူး။ ဘုရားရဲ့အကူအညီ၊ သူ့ကျေးဇူးတော်ကို အမြဲဆာငတ်ပြီး သူ့ရဲ့အကူအညီနဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်ုပ်တို့ ထောက်ရှုရမှာက ဥစ္စာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဂုဏ်သိက္ခာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားကို အားကိုးပြီး ဘုရားသခင် ခိုင်းတဲ့အရာ၊ လုပ်စေချင်တဲ့၊ ဖြစ်စေချင်တဲ့အရာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ပညာကို အခြေခံပြီး လုပ်တာထက် ဘုရားရဲ့ အကူအညီ ကျေးဇူးတော်တွေကို ရှေ့တန်းတင်ပြီးမှ သူ့ရဲ့သာသနာလုပ်ငန်းမှာ လုပ်ရမှာ ဖြစ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)