Mt 11: 20-24 မှာ သခင်ခရစ်တော်ဟာ အင်မတန်မှ ဝမ်းနည်း ကြေကွဲတဲ့အကြောင်း၊ တစ်ဖက်မှာလည်း အားမလို အားမရ စိတ်တိုတဲ့ အကြောင်းကို ကြားရမှာ ဖြစ်ပါတယ်။ သူဟာ လူနာတွေ ကုသတယ်။ တရားတွေ ဟောတယ်။ အမှားတွေ သွန်သင်ပေးတယ်။ အများကြီး သူလုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာ သူလိုချင်တဲ့ အရာကို ပြန်မရလိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဘာလဲဆိုတော့ သူတို့ နောင်တမရခြင်းပဲ ဖြစ်ပါတယ်။ နောင်တမရတဲ့ သူတွေကိုလည်း “Woe to you” သင်တို့သည် အမင်္ဂလာရှိ၏လို့ ပြောထားတာ တွေ့ရပါတယ်။ ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်းကို ကြည့်တဲ့အခါမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို အခွင့်အရေး အမြဲပေးတယ် ဆိုတာကို တွေ့ရပါတယ်။ ကျွန်ုပ်တို့ အကြိမ်ကြိမ် မှားတယ်။ နောက်တစ်ကြိမ် ကြိုးစားခွင့်၊ ပြုပြင်ခွင့်ကို ပေးတယ်။ ကျမ်းစာထဲမှာ အဲဒီလူတွေကို သခင်ယေဇူး ပြောနေတာတွေကို ဘေးကနေ ကြည့်မယ်ဆိုရင် အားမလို အားမရမှုတွေ ဖြစ်မိကြပါလိမ့်မယ်။ လူတွေက သခင်ခရစ်တော် ကိုယ်တိုင် ဟောပြော သွန်သင်တာတောင်မှ နောင်တ မရကြဘူး။ မာလိုက်တဲ့ နှလုံးသားတွေလို့ သုံးသပ် မိပါလိမ့်မယ်။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါမှာ သူတို့ထက်တောင် ပိုဆိုးနေတာကို တွေ့ပါလိမ့်မယ်။ သခင်ခရစ်တော်က နောင်တရဖို့ အခွင့်အရေးတွေ ပေးထားပေမဲ့လည်း ကျွန်ုပ်တို့ဟာ နောင်တယူခြင်း မရှိဘူး။ ပြောင်းလဲခြင်း မရှိဘူး။ ကျွန်ုပ်တို့ဘဝကို ပြုပြင်ချင်စိတ် မရှိတဲ့အခါမှာ ဘုရားသခင်က ကျွန်ုပ်တို့အပေါ်မှာ အင်မတန်မှ စိတ်ပျက်မိမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ နောင်တမရတဲ့ ပုဂ္ဂိုလ်တွေသာ ဖြစ်မယ်ဆိုရင် ဒီနေ့ပဲ သခင်ခရစ်တော်က အမင်္ဂလာရှိ၏ဟု ပြောနေပါလိမ့်မယ်။
#Fr.ရောဘတ် ကျော်သူ (MSP)