Mt 11: 28-30 မှာ ဘုရားက ဘာပြောလဲဆိုတော့ ငါ့ထံသို့ လာကြလော့။ ဝန်လေးသောသူတို့ ငါသည် အားဖြည့်ပေးမယ်။ အနားပေးမယ်။ ငါ့ထမ်းပိုးဟာ ထမ်းရလွယ်တယ်။ ငါ့ထံမှ သင်ယူကြပါလို့ ပြောထားပါတယ်။ ဒီနေ့ ဘုရားသခင်က အယောက်စီတိုင်းကို ဖိတ်ခေါ်နေပါတယ်။ လူတိုင်းကလည်း ကိုယ့်ဒုက္ခ၊ ကိုယ့်အခက်အခဲတွေနဲ့ ကိုယ် ရှိကြတယ်။ စိတ်ပူပန်မှုတွေကိုယ်စီနဲ့ ရှိနေကြပါတယ်။ ဒီအခါမှာ ကျွန်ုပ်တို့ဟာ ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ ချဉ်းကပ်ဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ် ဝန်လေးမှုတွေထက် ဘုရားသခင်ပြောတာက ဝိညာဉ်ရေးရာမှာ အနားယူဖို့ ဖြစ်ပါတယ်။ ဝိညာဉ်ရေးမှာ အနားယူတဲ့အခါမှာ အခြားအားကိုးစရာတွေဆီ မသွားပဲနဲ့၊ အနားမယူပဲနဲ့ ဘုရားဆီမှာ အနားယူဖို့ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ အနားယူနည်းကိုလည်း ဘုရားသခင်ဆီကနေ သင်ယူဖို့လည်း ဖိတ်ခေါ်ပါတယ်။ ချဉ်းကပ်ဖို့လဲ လိုပါတယ်။ ကျွန်ုပ်တို့ ဘယ်ဘာသာတရားပဲ ကြည့်ကြည့် ဝိညာဉ်ရေး၊ နောင်ဘဝရေး ဆိုတာ ရှိတတ်ကြတယ်။ ကျွန်ုပ်တို့ ဝိညာဉ်ရေးအသက်တာမှာလည်း ပြန်လည်သုံးသပ်ဖို့ အရေးကြီးပါတယ်။ တစ်ချို့လူတွေဟာ လူ့ဘဝမှာ ကောင်းစားဖို့အတွက် သူတို့ရဲ့ ဝိညာဉ်တွေကို နတ်ဆိုးတွေ၊ အထက်လမ်း၊ အောက်လမ်းတွေနဲ့ မကောင်းတဲ့ နည်လမ်းတွေနဲ့ သူတို့ရဲ့ဝိညာဉ်ကို အပ်ထားပါတယ်၊ ရောင်းစားတယ်။ သူတို့ဝိညာဉ်ကို မကောင်းတဲ့နတ်ဆိုးတွေ ပိုင်ဆိုင်သွားတယ် သူတို့ဝိညာဉ် ချုပ်ထားခြင်းခံရတယ်။ ဘာသာတရားမှာရှိတဲ့ ကောင်းခြင်းတွေ၊ ဝိညာဉ်ရေးတွေ ကောင်းကင်နိုင်ငံဆီ သူတို့ဝိညာဉ်က မရောက်နိုင်တော့ပဲ ဒီနတ်ဆိုးဆီပဲ ရောက်သွားပါတယ်။ ကျွန်ုပ်တို့ခရစ်ယာန်တွေ ပြန်စဉ်းစားကြရအောင်။ ကျွန်ုပ်တို့ဝိညာဉ်ကို ဘုရားသခင်က ပိုင်တဲ့အတွက် ကျွန်ုပ်တို့ ဝိညာဉ်နားခိုရာ နေရာသည် ဘုရားသခင်သာ ဖြစ်တယ်ဆိုတာကို စဉ်းစားကြစို့။
#Fr.ရောဘတ် ကျော်သူ (MSP)