Mt 12: 1-8 မှာ အရမ်းအရေးကြီးတဲ့ သတိဝင်သင့်တဲ့ အရာကို ခရစ်တော်က ဒီနေ့ပြောပြ နေပါတယ်။ အဲဒါကတော့ ဥပုလ်နေ့နဲ့ လူနဲ့ကြားမှာ မတူညီတဲ့ တန်ဖိုးတွေကို ပြောပြနေပါတယ်။ ကျွန်ုပ်တို့ လူ့အသိုင်းအဝိုင်းမှာ ဥပဒေတွေ၊ စည်းကမ်းတွေဆိုတာ ရှိပါတယ်။ မိမိကိုယ်တိုင်ကလည်း ဩတ္တပစိတ်ထဲမှာ လုပ်သင့်တဲ့အရာ၊ မလုပ်သင့်တဲ့အရာကို သိပါတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေမှာလည်း ဥပုလ်နေ့ဆိုတာ ရှိတယ်။ ဥပုလ်နေ့မှာ ဥပုလ်စောင့်ရမယ်လို့လဲ နားလည်ထားတယ်။ ဒါပေမဲ့ ဥပုလ်နေ့ကို စောင့်ရမယ်။ ဥပဒေကို လိုက်ရမယ်ဆိုတဲ့ အသိတရားက လူ့ရဲ့တန်ဖိုးထက် မြင့်နေတယ်ဆိုရင် သတိထားရမှာ ဖြစ်တယ်။ ဒီနေ့မှာ ခရစ်တော် သူ့ရဲ့တပည့်တော်တွေ ဥပုလ်နေ့မှာ စပါးနှံကို လက်နဲ့ချေပြီး စားမိတယ်။ ဒီအခါမှာ ဥပုလ်နေ့ကို တန်ဖိုးထားတယ်ဆိုတဲ့ လူတွေက အပြစ်ပြောတယ်။ ခရစ်တော်က မေးခွန်းနဲ့ပဲ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ခရစ်တော်က ထပ်ပြီးအခိုင်အမာ ပြန်ပြောထားတာက လူသည် ဥပုလ်နေ့အတွက် မဟုတ်ဘူး။ ဥပုလ်နေ့ကသာ လူ့အတွက်ဖြစ်တယ်။ ကျွန်ုပ်တို့ နားလည်ထားရမှာက ဥပုလ်နေ့ဆိုတာက လူတွေရဲ့ တန်ဖိုး၊ ဝိညာဉ်ရေးအတွက် အထောက်အပံ့ဖြစ်တဲ့ အရာတွေထဲက တစ်ခုပဲဖြစ်တယ်။ လူရဲ့တန်ဖိုးမြင့်ဖို့အတွက် စည်းကမ်း၊ ဥပဒေက အထောက်အပံ့ပေးတဲ့ အရာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဝိညာဉ်ရေးအသက်တာ၊ ခန္ဓာကိုယ် ကျန်းမာခြင်းအတွက် လိုအပ်တယ်ဆိုရင် ဘယ်နေ့မဆို လုပ်သင့်ပါတယ်။ ဥပုလ်နေ့မို့လို့ ဆေးခန်းမသွားဘူးဆိုရင် အသေခံမလား၊ ဥပုလ်နေ့မို့လို့ ထမင်းမချက်ဘူးဆိုရင် အငတ်ခံမလား။ ဒီလိုမဟုတ်ပါဘူး။ ဥပုလ်နေ့နဲ့ လူရဲ့တန်ဖိုးကို ခွဲခြားတတ်ဖို့ လိုသလို တစ်ဖက်ကကျတော့ ကျွန်ုပ်တို့ ဘုရားသခင်နဲ့ ဆက်ဆံရေး ပိုပြီးတော့ နီးစပ်ဖို့အတွက် ပံ့ပိုးပေးတဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာ နားလည်ထားရမှာ ဖြစ်တယ်။ ဥပုလ်နေ့မကဘဲ ကျန်တဲ့နေ့ရက်တွေဟာလည်း ဥပုလ်နေ့ ဖြစ်နိုင်ပါတယ်။ လုပ်သင့်တဲ့အရာအတွက် မှန်မှန်ကန်ကန် လုပ်မယ်။ ဝိညာဉ်ရေးအတွက် ဥပုလ်နေ့တစ်ရက်ပဲ မဟုတ်ဘဲ အချိန်တိုင်း၊ နေ့ရက်တိုင်း လုပ်ဆောင်သင့်ပါတယ်။ ဆိုလိုချင်တာက သတ်မှတ်ထားတဲ့ နေ့ရက်ပဲ မဟုတ်ဘဲ ဘုရားတရားကို နေ့တိုင်းလုပ်လို့ရပါတယ်။ ဒီသတ်မှတ်ထားတဲ့ ရက်တွေကလည်း ကျွန်ုပ်တို့ဘဝတစ်ခုလုံးကို ချုပ်ထားဖို့ မဟုတ်ပါဘူး။ လူသားသည် ဥပုလ်နေ့အတွက် မဟုတ်ပါ။ ဥပုလ်နေ့သည် လူသားအတွက် ဖြစ်ပါတယ်။ လူသားသည် ဥပုလ်နေ့ကို အစိုးရပါသည်။
#Fr.ရောဘတ် ကျော်သူ (MSP)