ဒီကနေ့ ကျမ်းစာတွေကို ကြည့်မယ်ဆိုရင် မှားယွင်းတဲ့ ဦးဆောင်မှု၊ ဒါမှမဟုတ် အမှန်တရားဘက်မှာ သမ္မာတရားဘက်မှာ ရပ်တည်ဖို့ကို ကြားနာရပါတယ်။ ပထမကျမ်းစာဖြစ်တဲ့ Jer 23: 1 ကနေကြည့်မယ်ဆိုရင် ဘုရားသခင်က မှားယွင်းစွာ ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို အမင်္ဂလာရှိ၏လို့ ပြောထားပါတယ်။ ဒီလိုပဲ သူ့ရဲ့သိုးစုတွေကို လမ်းမှားစေအောင် ဦးစီးဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို ကျိန်ဆဲသလို တစ်ဖက်ကလည်း သူ့ရဲ့သိုးစုတွေကို ဂရုမစိုက်တဲ့၊ မစောင့်ရှောက်တဲ့ သူတွေကို ပြစ်ဒဏ်ပေးမယ်တဲ့။ အဆုံးထိ သူပြောတာက သူ့ရဲ့ သိုးစုတွေပေါ်မှာ မကောင်းမှုတွေလုပ်တာ၊ ကောင်းအောင် လမ်းမပြပေးတာတွေအတွက် အကြွေးတွေ သူဆပ်ပေးမယ်လို့ ပြောထားတယ်။ ဒီတော့ ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ မှားယွင်းတယ်ဆိုတဲ့ ဒါမှမဟုတ် အမှန်တရားမှာ ဦးမဆောင်ဘူးဆိုတဲ့ အရာတွေပေါ်မှာ ဘုရားသခင်က ကြည့်မနေဘူးဆိုတာကို တွေ့ရသလို ဧဝံဂလိကျမ်းမှာကြည့်ရင် အမှန်တရားကို ပြောဖို့၊ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးဆိုတာကို ပြောဖို့ ပြောထားပါတယ်။ ကျွန်ုပ်တို့ နေ့စဉ်ဘဝသက်တာမှာ ပြောရဆိုရတာတွေ ရှိပါတယ်။ စကားပုံလေးတစ်ခု ရှိပါတယ်။ မုသားမပါ လင်္ကာမချောတဲ့။ ဒီတော့ လင်္ကာချောဖို့အတွက် မုသားတွေကို သုံးရတာ အသိုင်းအဝိုင်းမှာ တွေ့ရတယ်။ မိမိကိုယ်၌က မှန်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အတွက် ခဲယဉ်းသလို အမှန်တရားကို ဖော်ဆောင်ဖို့အတွက် ဆိုတာလည်း ခက်ပါတယ်။ ဘာကြောင့် ခက်သလဲဆိုရင် အမှန်တရားဆိုတာ တောင်းဆိုမှုတွေ ပြင်းထန်ပါတယ်။ သူ့ရဲ့ တောင်းဆိုမှုက ကိုယ်ကို၌က မှန်တယ်လို့ နေရအောင် သက်သေပြရတော့မယ်။ အမှန်တရားကို ပြောဖို့အတွက်ကလည်း ပြောတဲ့အမှန်တရားအတွက် သက်သေပြရမယ်။ ဘဝနဲ့သက်သေ ပြရမယ်။ ဒါကြောင့် လူတွေက အမှန်တရားကို ပြောဖို့ ခဲယဉ်းပါတယ်။ လင်္ကာသာ ချောမယ်၊ ဒါပေမဲ့ သင်္ခါရတော့ မချောဘူးဆိုတာ ခေါင်းထဲမှာ ရှိဖို့ အရေးကြီးပါတယ်။ မိမိကိုယ်၌က မှန်ဖို့ရယ်။ အမှန်တရားကို ပြောနိုင်ဖို့ဆိုရင် ကျွန်ုပ်တို့ဘဝမှာ လိုအပ်ချက်တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုရင် ဘုရားသခင်ရဲ့ သမ္မာတရား၌ စိတ်ဝိညာဉ်ကို လွှမ်းခြုံနိုင်ဖို့ ဖြစ်တယ်။ ဘုရားကို နေရာပေးပြီးမှ ဦးဆောင်လွှမ်းခြုံနိုင်ဖို့ အရေးကြီးပါတယ်။ ဘုရားသခင် ပြောတာက “The truth will make you free.” အမှန်တရားက အန္တရယ်ကနေဖြစ်ဖြစ်၊ ထောင်ချောက်ကနေဖြစ်ဖြစ် ဘယ်အရာတွေကနေမဆို ကျွန်ုပ်တို့ကို လွှတ်မြောက်စေမယ်။
#Fr.ရောဘတ် ကျော်သူ (MSP)