ဒီနေ့ကျမ်းစာလေးမှ အချက် (၂)ချက်ကို ထောက်ရှုကြစို့။ ပထမအချက်က အသက်တာမှာ ခံစားရတဲ့ ကျေးဇူးတော်တွေကို မြင်တတ်ဖို့ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီကျေးဇူးတော်တွေနဲ့ ထိုက်တန်တဲ့ ပုဂ္ဂိုလ်တွေဟာ အပြည့်အဝ ရရှိဖို့ နောင်တတရားဆိုတာ ရှိပါတယ်။ Mt 12: 38-42 မှာ ဖာရီရှဲတွေက ခရစ်တော်ကို တန်ခိုးလက္ခဏာတွေ ပြဖို့ တောင်းဆိုတယ်။ ဒီအခါမှာ ခရစ်တော်က ပြောပြတယ်။ ယောနရဲ့ တန်ခိုးလက္ခဏာ၊ စောလမွန်မင်းကြီးရဲ့ ဖြစ်စဉ်တွေကို ပြောပြတယ်။ ပထမအချက်ကို ပြန်သွားကြည့်ရင် ခရစ်တော်ကိုယ်တိုင် ဟောပြောနေတဲ့အခါမှာ ခရစ်တော်နဲ့ အတူတူနေတဲ့ ပုဂ္ဂိုလ်တွေ သူတို့မှာ ရရှိနေတဲ့ ကျေးဇူးတော်တွေကို သတိမထားမိကြဘူး။ ဒီလိုပဲ ကျွန်ုပ်တို့ ဘဝသက်တာမှာ ဘုရားက လုံလောက်တဲ့ ကောင်းကြီးတော်တွေ ကျေးဇူးတွေ ပေးနေရဲ့သားနဲ့ ကျွန်ုပ်တို့က သတိမမူတတ်ဘူး ဖြစ်နေတယ်။ တန်ဖိုးမထားဘူး၊ မမြင်တတ်ဘူး၊ ဖြစ်နေတတ်ပါတယ်။ နီနေဝေးမြို့သားတွေဟာ ယောနရဲ့တရားကို နားထောင်ပြီးမှ ပြောင်းလဲကြတယ်။ ဒီလူတွေ ထမြောက်ပြီးမှ ယခု Generation လူတွေက သင်တို့ကို ပြစ်တင်ဝေဖန်လိမ့်မယ် ဆိုတာကို ပြောထားပြီး ကျေးဇူးတော်တွေ မြင်တွေ့တတ်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ ဖာရီရှဲတွေ သူတို့နှလုံးသားတံခါးကို မဖွင့်ဘဲ ခရစ်တော်ရဲ့ တရားတွေ မစိမ့်ဝင်ဘူး။ နောင်တမယူဘူး။ ဝေဖန်ဖို့ပဲ ခေါင်းထဲမှာ ရှိကြတယ်။ ကျွန်ုပ်တို့ဘဝမှာ ဘုရားရဲ့ ကျေးဇူးတော်တွေ မြင်တတ်ဖို့ဆိုရင် နောင်တယူပြီး ဘုရားရဲ့ရှေ့မှာ နှိမ့်နှိမ့်ချချနဲ့ နေတတ်ဖို့ လိုအပ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)