Mt 13: 1-9 မှာ မျိုးစေ့နဲ့ မြေဆီလွှာ အမျိုးမျိုးအကြောင်းကို ကြားရတယ်။ ကျွန်ုပ်တို့ တောင်သူ လယ်သမားတွေကို ကြည့်မယ်ဆိုရင် သူတို့မှာ စပါးတွေ၊ လယ်တွေ လုပ်တဲ့အခါမှာ မြေဆီလွှာကို အရင် ပြင်ဆင်ရပါတယ်။ အသေအချာလေး ပြင်ဆင်ပြီးမှ သူတို့လိုချင်တဲ့မျိုးစေ့၊ အပင်တွေကို စိုက်ကြပါတယ်။ ဆိုလိုချင်တာက အပင်တစ်ပင်ဖြစ်ဖို့ဆိုရင် သူ့မှာလိုအပ်တဲ့ ပြင်ဆင်မှုဆိုတာ ရှိပါတယ်။ ဒီနေ့ရဲ့ ကျမ်းစာအရဆိုရင် ပထမမြေဆီလွှာက လမ်းပေါ်မှာ ကျတဲ့မျိုးစေ့အကြောင်း ဖြစ်ပါတယ်။ လမ်းဆိုတာ အသွားအလာ အသုံးများပြီးတော့ သူ့မှာမာကျောတဲ့ မြေဆီလွှာရှိပြီး အပင်တွေ ထိုးဖောက်ဖို့ ခက်တယ်။ ဒုတိယမြေဆီလွှာ အမျိုးအစားက ကျောက်စလစ်ခဲများတဲ့ နေရာဖြစ်ပါတယ်။ ဒီကျောက်တွေ ကြားထဲမှာ မြေဆီလွှာ နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ အပင်ရဲ့ နုနယ်တဲ့အမြစ်၊ နုနယ်တဲ့ အပင်ရဲ့ ခွန်အားနဲ့ ထိုးဖောက်ဖို့ ခက်ပါတယ်။ အင်မတန်မှ ရုန်းကန်ရတဲ့ အနေအထား ဖြစ်ပါတယ်။ တတိယမြေဆီလွှာက ချုံတွေနဲ့ ပြည့်နေတဲ့ နေရာဖြစ်တယ်။ ပေါင်းပင်တွေ များတယ်။ ဒီပေါင်းပင်တွေက အပင်ရဲ့ အစားအစာကို စားတဲ့အတွက် မကြီးထွားနိုင်သလို လောင်းရိပ်ကျပြီး ကောင်းမွန်စွာ မရှင်သန်နိုင်ဘူးဆိုတာ တွေ့ရပါတယ်။ စတုတ္ထ မြေဆီလွှာကတော့ ကောင်းတဲ့မြေဆီလွှာ ဖြစ်တယ်။ ဒီမြေဆီလွှာမှာကျတော့ ရှေ့က မြေတွေလို အဟန့်အတားတွေ မရှိတော့ပါဘူး။ ဆိုလိုချင်တာက ပြင်ဆင်ထားတဲ့ မြေဆီလွှာမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ နားလည်ထားရမှာက ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ဆိုတာ မျိုးစေ့နဲ့တူတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကြီးထွားဖို့ဆိုရင် သူ့မှာမြေဆီလွှာ လိုပါတယ်။ မြေဆီလွှာက ကျွန်ုပ်တို့ လူသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ နှလုံးသားတွေပါ။ နှုတ်ကပါတ်တော်ဟာ ကျွန်ုပ်တို့ဘဝထဲမှာ ရှင်သန်ဖို့ဆိုရင် လယ်သမားတွေ ပြုလုပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ ချုံတွေ ရှင်းတယ်။ မီးရှို့တယ်။ ထွန်ယက်တယ်။ ဒါတွေလုပ်ပြီးမှ စိုက်ချင်တဲ့မျိုးစေ့ကို စိုက်ရပါတယ်။ ဒီလိုပဲ ကျွန်ုပ်တို့နှလုံးသားထဲမှာ နှုတ်ကပါတ်တော်ဟာ အနှောင့်အယှက်မရှိ ကြီးထွားဖို့အတွက်ဆိုရင် ကျွန်ုပ်တို့ရဲ့ နှလုံးသားမြေဆီလွှာကို ပြင်ဆင်ပြီး စိုက်မှသာ ရှင်သန်နိုင်မှာ ဖြစ်သလို အကောင်းဆုံး ပြန်လည် ရိတ်သိမ်းရမှာဖြစ်တယ်။
#Fr.ရောဘတ် ကျော်သူ (MSP)