မာရီးယားမာဒလေနားပွဲကို ကျွန်ုပ်တို့ ကျင်းပနေပါတယ်။ ဒီနေ့ဖတ်ရတဲ့ ကျမ်းစာတွေအရ ကိုယ်က ကြိုက်နှစ်သက်တဲ့ အရာတစ်ခု၊ ဆာလောင်နေတဲ့ အရာတစ်ခုကို တွေ့ရှိရမဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ Sol 3: 1-4 မှာ ဆော်လမွန်က ဘယ်လိုစပ်ဆိုထားလဲဆိုတော့ ကျွန်ုပ်အိပ်ယာထဲမှာ ရှာတယ်၊ မတွေ့ဘူး။ လမ်းမပေါ်မှာ ရှာတယ်၊ မတွေ့ဘူး။ မြို့အစွန်မှာ ကင်းစောင့်တဲ့ သူတွေကို မေးလိုက်တယ်တဲ့။ ကျွန်ုပ်နှလုံးသား ချစ်တဲ့သူကို တွေ့လားဆိုတော့ မတွေ့ဘူးတဲ့။ အဲဒီအလွန်မှာ တွေ့သွားတယ်တဲ့။ တွေ့သွားတဲ့အခါမှာ မလွတ်တော့ဘူးတဲ့။ John 20: 1-2, 11-18မှာ မာရီးယားမာဒလေနားရဲ့ ဇာတ်လမ်းလေးကို တွေ့ရပါတယ်။ ဆော်လမွန်သီချင်းနဲ့ သွားတူပါတယ်။ သူမလည်း သူမချစ်တဲ့သူကို လိုက်ရှာတယ်။ သင်္ချိုင်းမှာ ငိုယိုပြီး ရှာတယ်။ သူကင်းစောင့်လို့ထင်တဲ့ သူ့ရဲ့အလွန်မှာ သခင်ခရစ်တော်ကို တွေ့လိုက်တယ်။ ဒီတော့ ပထမတစ်ချက်အနေနဲ့ ကျွန်ုပ်တို့က လိုချင်တောင့်တနေတဲ့ အရာတစ်ခုအတွက် ရင်းနှီးမြှပ်နှံမှုဆိုတာ ရှိရတယ်။ ဆာလောင်ပြီး လုပ်ချင်၊ ကိုင်ချင်၊ သွားချင်တဲ့စိတ်နဲ့ ပြင်ဆင်ပြီးမှ သွားရတယ်။ ရှာရတယ်။ အချိန်ပေးရတယ်။ ဒုတိယတစ်ချက်အနေနဲ့ ကျွန်ုပ်တို့နှလုံးသားက လိုချင်တဲ့ အရာကို တွေ့တဲ့အခါမှာ ဆော်လမွန် သီချင်းအရ မလွှတ်တော့ဘူးတဲ့။ မာဒလေနားမှာကျတော့ ခရစ်တော်က အချင်းမိန်းမ ကျွန်ုပ်ကို မထိနဲ့ဦး။ ကျွန်ုပ်ရဲ့ညီအစ်ကိုတွေကို သွားပြောလိုက်ဦးတဲ့။ ဒီနေရာမှာ ကြည့်မယ်ဆိုရင် မာဒလေနားကို သခင်ခရစ်တော်က တမန်တော်မလို့ ခေါ်ပါတယ်။ (Apostle to Apostles) ဘာသာရေး၊ တရားနဲ့ ထောက်ရှုမယ်ဆိုရင် ကျွန်ုပ်တို့ လိုချင်တဲ့အရာကို ရတဲ့အခါမှာ အတ္တဆန်ဆန် မလွှတ်ချင်တော့ဘူး။ ဒါပေမဲ့ ဒီနေ့ ခရစ်တော်က အဲဒီအတ္တဆန်တဲ့ သဘောတရားကို ရိုက်ချိုးလိုက်ပါတယ်။ ကိုယ်မြတ်နိုးတဲ့ အရာတစ်ခုကို တစ်ပါးသူကိုလည်း ဝေမျှခြင်း၊ ပြန်ပြောပြခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့ ပထမတစ်ချက် အနေနဲ့ ကျွန်ုပ်တို့လိုချင်တဲ့အရာအတွက် ရင်းနှီးမြှပ်နှံခြင်းတွေရှိမယ်။ နောက်တစ်ချက်က ဒီအရာကို ကျွန်ုပ်တို့အတွက် သိမ်းထားခြင်း မဟုတ်ပဲနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ပြန်ပြီးဝေမျှခြင်း၊ တစ်ပါးသူအတွက် ပြန်အသုံးချခြင်းကို ဘဝသက်တာမှာ နားလည်ထားဖို့ အရေးကြီးပါတယ်။ ခရစ်တော်ကို ကျွန်ုပ်တို့ ရှာတွေ့ထားတယ်။ ခရစ်တော် ရှာမတွေ့သေးတဲ့ သူတွေအတွက် ပြန်ပြီး သက်သေခံခြင်းပဲ ဖြစ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)