Mt 13: 18-23 မှာ မျိုးစေ့အကြောင်းကို ဆက်ပြီးမှ ရှင်းပြထားတာ တွေ့ရတယ်။ မျိုးစေ့တစ်စေ့က မတူညီတဲ့ နေရာလေးမျိုးမှာ ကျရောက်တဲ့အခါမှာ သူတို့ရဲ့ အဆုံးသတ်တွေကို ပြောပြထားတာ ဖြစ်တယ်။ လမ်းပေါ်မှာ ကျတဲ့မျိုးစေ့ကို ငှက်တွေက ချီသွားတယ်။ ကျောက်တွေကြားမှာ ကျတဲ့မျိုးစေ့က မသန်မစွမ်းနဲ့ ခြောက်သွေ့သွားတယ်။ ဆူးခြုံတွေ ကြားထဲမှာ ကျတဲ့မျိုးစေ့က ဆူးပင်တွေရဲ့ လွှမ်းမိုးမှုတွေကို ခံပြီး အသီးအပွင့်တွေကို မသီးနိုင်ဘူး။ ကောင်းတဲ့ မြေပေါ်မှာ ကျတဲ့မျိုးစေ့က အသီးများစွာကို သီးတယ်ဆိုတာကို တွေ့ရမယ်။ ဒီနေရာမှာ ကျွန်ုပ်တို့ဘဝတွေနဲ့ ကြည့်တဲ့အခါ မျိုးစေ့ဖြစ်တဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နေရာပေးဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ နှလုံးသားက ကောင်းတဲ့ မြေဆီလွှာဖြစ်ဖို့ အရေးကြီးတယ်။ လယ်တွေမှာ ကြည့်မယ်ဆိုရင် ကောင်းတဲ့ မြေဆီလွှာမှာ ပေါက်တဲ့ အပင်တွေရဲ့ အဆုံးသတ်က အသီးများစွာ သီးသလို တစ်ပါးသူအတွက်လည်း အကျိုးဖြစ်စေတယ်ဆိုတာ တွေ့ရတယ်။ ခရစ်ယာန်တွေ အနေနဲ့ ကောင်းမွန်တဲ့ တရားသဘောတွေကို ကျွန်ုပ်တို့က ကြားနာခွင့် ရကြတယ်။ ကောင်းတဲ့ မြေဆီလွှာပေါ် မူတည်ပြီး အသီးအပွင့်တွေ ကွဲပြားသွားတယ်။ ဒီလိုပဲ တရားသဘော ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ၊ ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြုအမူ၊ အပြောအဆိုတွေဟာ အင်မတန်မှ နူးညံ့သိမ်မွေ့မှု ရှိသလို တစ်ပါးသူအတွက် အကျိုးရှိစေတယ် ဆိုတာ တွေ့ရတယ်။ တစ်ဖက်ကကျတော့ တစ်ချို့သူတွေဟာ သူတို့ရဲ့ တည်ရှိခြင်းအားဖြင့် သူတစ်ပါးအတွက် ဒုက္ခဖြစ်စေတယ်။ ဒီပုဂ္ဂိုလ်တွေက တရားသဘောမှာ သူတို့ရဲ့ မြေဆီလွှာက မကောင်းဘူးပေါ့လေ။ ဘုရားရဲ့ သားသမီး အယောက်စီတိုင်းဟာ ကောင်းတဲ့ မြေဆီလွှာဖြစ်ပြီး ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကောင်းကောင်းလေး နေရာပေးပြီး တရားသဘောနဲ့ လွှမ်းခြုံပြီး ဒီတရားသဘောက ပြည့်ဝပြီး ကျွန်ုပ်တို့ နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ တစ်ပါးသူအတွက် အကူအညီ ဖြစ်ဖို့လိုပါတယ်။ ကိုယ်တည်ရှိခြင်းဟာ တစ်ပါးသူအကျိုး ဖော်ဆောင်ပေးနိုင်တဲ့ ပတ်ဝန်းကျင်ကို ဒုက္ခမပေးဘူး၊ ပြဿနာ မပေးဘူး၊ ပတ်ဝန်းကျင်ကို အကျိုးတစ်ခုခု ပေးနေဖို့လည်း လိုအပ်ပါတယ်။ ပတ်ဝန်းကျင်မှာ အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမျိုး ပုဂ္ဂိုလ်လဲ ဆိုတာကို သုံးသပ်တဲ့ အခါကျတော့ ဒီနေ့ ကျမ်းစာထဲမှာ ပြောထားပါတယ်။ နှုတ်ကပါတ်တရားကို နားထောင်ပြီးတော့ ကျင်ကြံတဲ့ ပုဂ္ဂိုလ်တွေသည် အသီးများစွာ သီးကြ၏။
#Fr.ရောဘတ် ကျော်သူ (MSP)