ဒီနေ့အသင်းတော်ရဲ့ ပြက္ခဒိန်မှာ မိဘများပွဲနေ့ကို ကျင်းပနေပါတယ်။ ဒီရက်မှာပဲ ကျွန်ုပ်တို့ဖတ်ရှုရတဲ့ ကျမ်းစာ Mt 13: 31-35မှာ ကောင်းကင်နိုင်ငံတော် အကြောင်းကို သခင်ခရစ်တော်က ပုံဥပမာနဲ့ ပြောပြထားတယ်။ ဒီပုံဥပမာကတော့ မုန်ညှင်းစေ့ ဖြစ်တယ်။ ပြီးတော့ မုန့်တွေမှာ သုံးတဲ့ တဆေးအကြောင်း ဖြစ်တယ်။ ဒီနေ့မှာ တစ်ချက်လေးကိုပဲ သင်ခန်းစာယူ စဉ်းစားကြည့်မယ်ဆိုရင် ကောင်းကင်နိုင်ငံဆိုတာ မိုးပေါ်က ကျလာပြီး ဘုရားသခင်က ကြီးကြီးမားမားနဲ့ စတင်တာ မဟုတ်ပါဘူး။ သေးသေးမွှားမွှားကနေ စတင်တဲ့အကြောင်းကို ပြောပြခြင်း ဖြစ်တယ်။ ဒီသေးသေးလေးကို ကျွန်ုပ်တို့ ကောင်းကောင်းလေး လုပ်ဆောင်တယ်ဆိုရင် ကြီးမားတဲ့အရာတွေ ဖြစ်တယ် ဆိုတာကိုလည်း ပြောပြနေခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ မဆိုသလောက်သော ကူညီမှု၊ မဆိုသလောက်သော အားပေးစကား၊ အပြုအမူတွေက တစ်ဖက်သားအတွက် အဆင်ပြေ သွားတာလေးတွေကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ တွေ့ဖူး၊ မြင်ဖူးတယ်၊ ကိုယ်တိုင်လည်း ကြုံဖူးမှာပါ။ ဒီနေ့ ဘုရားသခင်က ဘာပြောချင်လည်းဆိုတော့ သေးသေးလေးက စပါ။ အဲဒီ သေးသေးလေးကလည်း အပြုသဘောဆောင်တဲ့ စတင်ခြင်းပဲ ဖြစ်ရမယ်။ ကောင်းကင်နိုင်ငံကို ခရီးပြုနေတဲ့ လောကရဲ့ ဧည့်သည်တွေ ဖြစ်တာကြောင့် ဒီသေးသေး မွှားမွှားလေးကို စတဲ့အခါမှာ မုန်ညှင်းစေ့ ဆိုပေမဲ့ သူကြီးလာတဲ့အခါ သူ့ပတ်ဝန်းကျင်အတွက် ဘယ်လောက် အကျိုးရှိသွားလဲ။ တဆေးဆိုတာလည်း သေးသေးလေးပဲ သူ့ရဲ့အရည်အချင်းကို အသုံးချလိုက်တဲ့အခါမှာ ပေါင်မုန့်တွေကို ပွားနိုင်တယ်။ ဒီလိုပဲ ပတ်ဝန်းကျင်မှာ ကျွန်ုပ်တို့ နေတဲ့အခါမှာ ကိုယ့်ရဲ့တည်ရှိခြင်းက အပြုသဘောဆောင်သော ဒုက္ခမပေးသောသူ ဖြစ်ဖို့ အရေးကြီးပါတယ်။ ဘဝသက်တာမှာ ကျွန်ုပ်တို့ နှလုံးသားထဲမှာ နှုတ်ကပတ်တော်ကို စိုက်ပျိုးထားတယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ နေထိုင်မှုဟာ တစ်ပါးသူကို ဒုက္ခမပေးပါဘူး။ တစ်ပါးသူကို အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပါးသူအတွက် ကောင်းကျိုးများကို သယ်ပိုးရမယ်ဆိုတဲ့ ဘဝသက်တာနဲ့ ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်ကို သက်သေပြကြရအောင်။
#Fr.ရောဘတ် ကျော်သူ (MSP)