ဒီနေ့မှာ တပည့်တော်ကြီးတွေရဲ့တောင်းဆိုချက်အရ မျိုးစေ့နဲ့ ပေါင်းပင် အကြောင်းကို ခရစ်တော်က ထပ်ရှင်းပါတယ်။ ဒီတော့ မျိုးစေ့ကြဲတဲ့သူက ကြဲတယ်။ ဒါပေမဲ့ ဘယ်ကမှန်း မသိတဲ့ ပေါင်းပင်တွေက ရှင်သန်တဲ့အခါမှာ သူတို့ရဲ့ အနေအထားကို ခရစ်တော်က ရှင်းပြပါတယ်။ မျိုးစေ့ဆိုတာ ကောင်းခြင်း လက္ခဏာကို ဆောင်ပြီး ပေါင်းပင်ဆိုတာ မကောင်းခြင်း လက္ခဏာကို ဆောင်တယ်။ ဒီတော့ မကောင်းခြင်း လက္ခဏာဆိုတာ နတ်ဆိုးက ကောင်းတဲ့အရာကို ဖျက်ဆီးဖို့ သုံးတဲ့လက်နက် ဖြစ်တယ်။ ဒီနေ့ ကျမ်းစာထဲမှာ သင်ခန်းစာ တစ်ခုကို ယူကြည့်မယ်ဆိုရင် “Patience” ဆိုတဲ့ စိတ်ရှည်သီးခံခြင်းပဲ ဖြစ်ပါတယ်။ ဒီလယ်သမားက ခွင့်ပြုတယ်၊ သူတို့အတူတူ ရှင်သန်ပါစေ။ အပင်ပေါက်လေးတွေဆိုရင် ကျွန်ုပ်တို့ဟာ မရေရာ မသေချာတာတွေ ဖြစ်တယ်။ သိသာထင်ရှားတဲ့ အချိန်ကာလ တစ်ခုရှိတယ်။ အဲဒီထိ ကျွန်ုပ်တို့ စောင့်ရမယ်။ ဥပမာ- တစ်ချို့ အပြုအမူလေးတွေက ကောင်းသလိုလိုနဲ့ ထောင်ချောက်လည်း ဖြစ်နိုင်တယ်။ လှည့်ကွက်လည်း ဖြစ်နိုင်တယ်။ တစ်ချို့အရာတွေကျတော့ မကောင်းသလိုလိုနဲ့ ကောင်းတတ်ကြတယ်။ ဥပမာ ကြည့်မယ်ဆိုရင် နှုတ်ကြမ်းတဲ့သူတွေ သူတို့မှာ စေတနာကောင်းတွေ ရှိတယ်။ တစ်ချို့ကျတော့ စကားချိုချိုလေးနဲ့ ထောင်ချောက်ဆင်ပြီး တွင်းထဲပို့ချင်တာ ရှိတယ်။ ဆိုလိုချင်တာက မထင်ရှားသေးတဲ့ အချိန်ကာလမှာ ကျွန်ုပ်တို့က ကောင်းကောင်းလေး စောင့်ကြည့်ရမှာ ဖြစ်တယ်။ အသက်တာမှာလည်း ခွဲခြားကြည့်တတ်ဖို့ အရေးကြီးတယ်။ ကျွန်ုပ်တို့က စိုက်ပျိုးတယ်ဆိုတဲ့ နေရာမှာ အကျင့်၊ သီလ၊ ပါရမီတွေကို ဆောက်တည် ရပါတယ်။ “ချားရက်” ဆိုတဲ့သူ ရေးထားတာက ဘဝသက်တာမှာ ကျွန်ုပ်တို့ အပြုအမူတွေကို စိုက်ပျိုးတဲ့အခါမှာ အကျင့်ကို ရိတ်သိမ်းရပါတယ်။ ပြီးတော့ အကျင့်ကို စိုက်ပျိုးတဲ့အခါမှာ စာရိတ္တကို ရိတ်သိမ်းရပါမယ်။ စာရိတ္တကို စိုက်ပျိုးတဲ့အခါမှာ ဘဝအောင်မြင်မှုတွေကို ရပါတယ်။ ဒီတော့ စိတ်ရှည်သည်းခံစွာနဲ့ ခွဲခြားသိမြင်မှုကို အချိန်လေးယူပြီးတော့ ကျွန်ုပ်တို့ရဲ့ အပြောအဆို၊ အပြုအမူတွေက ကျွန်ုပ်တို့ကို နောင်ကြရင် ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။ ဒါကြောင့် သူတစ်ပါးကိုလည်း လွယ်လွယ် မဆုံးဖြတ်သင့်သလို မိမိကိုယ်တိုင်ကလည်း ကိုယ်ပြောတဲ့စကားတွေ၊ အပြုအမူတွေက မျိုးစေ့လား၊ ပေါင်းပင်လားဆိုတာ ခွဲခြားသိမြင်ဖို့ အချိန်ယူရမယ်။ စိတ်ရှည်ရမယ်။ မခွဲခြားတတ်ဘူး။ အချိန်လည်း မယူဘူးဆိုရင် ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ဝါးမျိုဖို့အတွက် စောင့်နေတဲ့ ပေါင်းပင်တွေရဲ့ ဝါးမျိုခြင်းကို ခံရမှာဖြစ်တယ်။
#Fr.ရောဘတ် ကျော်သူ (MSP)