Mt 13: 44-46 မှာ ကောင်းကင်နိုင်ငံတော် အကြောင်းကို ရှင်းပြထားတဲ့ ပုံဥပမာလေးကို ဆက်လက်တွေ့ရပါမယ်။ ဒီနေ့ ပြောပြတဲ့အရာကတော့ ကောင်းကင်နိုင်ငံတော်ဆိုတာ တစ်ဦးတစ်ယောက်က တန်ဖိုးရှိတဲ့ ပုလဲကို တွေ့တဲ့အခါမှာ သူပိုင်ဆိုင်တဲ့ အရာကို အကုန်လုံးရောင်းပြီး ပုလဲရှိတဲ့နေရာကို ဝယ်တယ်ဆိုတာ တွေ့ရမယ်။ ထောက်ရှုစရာအနေနဲ့ကတော့ ကျွန်ုပ်တို့ ဘဝသက်တာမှာ ရင်းနှီးမြုပ်နှံမှု ဒါမှမဟုတ် စွန့်လွတ်မှုဆိုတာ တန်ဖိုးကြီးသလို အရေးလဲ ကြီးပါတယ်။ ဆိုလိုချင်တာက လက်ရှိအခြေအနေထက်ပိုပြီး တန်ဖိုးရှိတဲ့အရာကို တွေ့တဲ့အခါမှာ လက်ရှိအနေအထားကို စွန့်လွတ်နိုင်မဲ့ အနေအထားကို ပြောနေခြင်း ဖြစ်တယ်။ ခရစ်ယာန်ဘဝ သက်တာအနေနဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ အရာတွေကို ကျွန်ုပ်တို့ သိမြင်၊ တန်ဖိုးထားလာတဲ့ အခါမှာ ကျွန်ုပ်တို့နဲ့ နီးစပ်တဲ့အရာတွေကို စွန့်လွတ်နိုင်ရမယ်။ ဥပမာအနေနဲ့ ကျွန်ုပ်တို့ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ ပိုင်ဆိုင်တဲ့ အရာတွေ ဖြစ်မယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ နေထိုင်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်တဲ့ အနေအထားတွေ ဖြစ်တယ်။ ဗုဒ္ဓအသိုင်းအဝိုင်းမှာ ကြည့်မယ်ဆိုရင် တရားကို မြင်တဲ့လူတွေဆိုရင် တောထွက်သွားတဲ့ ဦးပဉ္ဇင်းကြီးတွေရှိမယ်။ ဒီလိုပဲ တရားကို ရတဲ့အခါမှာ လောကီနဲ့ ဆိုင်တဲ့အရာတွေကို ရင်းနှီမြုပ်နှံနိုင်တယ်။ စွန့်လွှတ်နိုင်တယ်။ ခင်မင်တွယ်တာမှု သံယောဇဉ်တွေကို ဖြတ်တောက်နိုင်တယ် ဆိုတာ တွေ့ရတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရင် ကျွန်ုပ်တို့ နှလုံးသားထဲမှာ တကယ်တန်ဖိုးထားတဲ့အရာက ဘာလဲ။ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တစ်ချို့က ပညာရေးကို တန်ဖိုးထားရင် သူတို့မှာ ရှိတဲ့ ဥစ္စာတွေကို ရင်းနှီးတယ်။ တစ်ချို့က နိုင်ငံခြားမှာ ပိုက်ဆံပို ရတယ်ဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းပြီး လမ်းခရီးအတွက် အသုံးပြုကြတယ်။ ဒီလိုပဲ ကျွန်ုပ်တို့တစ်ဦးစီက နှလုံးသားထဲမှာ ဘုရားသခင်နိုင်ငံတော်ကို တကယ်တရားသဘောနဲ့ သိသွားပြီဆိုရင် နိုင်ငံတော်ဟာ ပုလဲလို့ မြင်သွားပြီဆိုရင် ကျွန်ုပ်တို့လူလို ဘဝနေထိုင်မှုကို စွန့်လွှတ်နိုင်တယ်။ ကျွန်ုပ်တို့နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ၊ အလုပ်တွေ၊ ခင်မင်တွယ်တာမှု သံယောဇဉ်တွေကို ပြတ်တောက်သွားနိုင်မှာ ဖြစ်တယ်။ ပုံဥပမာဟာ အရမ်းရှင်းပါတယ်။ သူ့ပိုင်ဆိုင်မှုတွေကို မရောင်းဘူးဆိုရင် ပုလဲရှိတဲ့ နေရာကို ဝယ်လို့ မရနိုင်ဘူး။ ပုလဲရှိတဲ့ နေရာက ပိုတန်ဖိုးရှိလို့ တန်ဖိုးနည်းတဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ၊ အလုပ်တွေကို စွန့်လွှတ်ခြင်း ဖြစ်တယ်။
#Fr.ရောဘတ် ကျော်သူ (MSP)