Mt 13: 47-53 မှာ ကောင်းကင်နိုင်ငံတော်ကို ပိုက်ကွန်နဲ့ ယှဉ်ပြီး ပြောထားပါတယ်။ တံငါသည်တွေဆို သိပါတယ်။ ရေအောက်မှာ ရှိတဲ့ငါးကို ကွန်ပစ်တဲ့အခါမှာ ရေအောက်မှာ ရှိတဲ့အမှိုက်တွေ ငါးနဲ့အတူ ပါလာပါတယ်။ ငါးကို ယူပြီး အမှိုက်တွေကို ပစ်လေ့ရှိပါတယ်။ ဒီနေ့ ထောက်ရှုစရာ အနေနဲ့ ဘုရားပြောတဲ့ ပုံဥပမာက ဘာကို ဆိုလိုလဲဆိုတော့ ကောင်းကင်နိုင်ငံတော်ကို ရောက်ဖို့ ဘယ်သူမဆို စံစားနိုင်ဖို့ အသင်းတော်က အကောင်း၊ အဆိုး၊ ဆင်းရဲ၊ ချမ်းသာ ခွင့်ပြုထားတယ် ဆိုတဲ့အရာကို ပြောပြနေပါတယ်။ ကောင်းကင်နိုင်ငံတော်က သီးသန့် ဆိုပြီး ဘယ်သူ့ကိုမှ မရွေးချယ်ထားပါဘူး။ အားလုံးကို ဖွင့်ထားတယ်။ ပိုက်ကွန်က ငါးကို သီးသန့်ယူပြီး အမှိုက်ကို မထားခဲ့ပါဘူး။ နိုင်ငံတော်က ဘယ်သူ့ကို မဆို ခွင့်ပြုတယ်။ ဒါပေမဲ့ ဘယ်လိုလူမျိုးတွေက ကောင်းကင်နိုင်ငံတော်ကို စံစားသလဲ။ စံစားတဲ့ပုဂ္ဂိုလ်တွေက လက်ခံယုံကြည်မှု ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်ခံယုံကြည်မှုကို ကြည့်ပြီး ကောင်းကင်နိုင်ငံတော်က ကျွန်ုပ်တို့အတွက် ဖြစ်မယ်ဆိုတာကို သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ကွန်က အပေါ်ရောက်တဲ့အခါမှာ ပစ်တဲ့ ပုဂ္ဂိုလ်က အမှိုက်တွေ၊ ငါးတွေကို မြင်လိုက်တယ်။ ဒီတော့ ယုံကြည်သက်ဝင် လက်ခံတဲ့သူတွေက ငါးနဲ့တူပြီး၊ မယုံကြည်တဲ့သူတွေက အမှိုက်နဲ့တူပါတယ်။ အသင်းတော်ထဲမှာ တွေ့နေရတဲ့အရာတစ်ခုကို ဥပမာ ကြည့်လို့ရပါတယ်။ ခရစ်ယာန်နာမည် ခံယူထားတဲ့ သူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်လို မကျင့်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီအခါကြတော့ ကျွန်ုပ်တို့ ခံယူထားတဲ့ ခရစ်ယာန်အတိုင်း ကျင့်မယ်ဆိုရင် ငါးလေးတွေနဲ့ တူမယ်။ ကျွန်ုပ်တို့ နာမည်ခံယူထားပြီး လက်ခံယုံကြည်မှု မရှိဘူးဆိုရင် အမှိုက်တွေနဲ့ တူမယ်။ ကျွန်ုပ်တို့ဟာ မိမိကိုယ်ကို စဉ်းစားရမှာက ခရစ်ယာန်ဖြစ်ပြီး ခရစ်ယာန်လို ကျင့်သလားဆိုတာ နေ့စဉ်နဲ့အမျှ မေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အဟောင်းနဲ့ အသစ်။ ဘုရားက ဖာရီဇေဦးနဲ့ ကျမ်းတတ်ဆရာတွေကို ရည်ညွန်းပြီး သူတို့ဟာ ပစ္စည်းအဟောင်းတွေကို ခင်တွယ်တယ်။ ပဋိညာဉ်အဟောင်းတွေကို ခင်တွယ်တဲ့အခါမှာ အသစ်ဆိုတဲ့ အရာတွေကို သူတို့လက်မခံနိုင်တာ ဖြစ်တယ်။ မိမိကိုယ်ကို ကြည့်လိုက်ရင် ကျွန်ုပ်တို့စီးတဲ့ ဖိနပ် ဟောင်းပြီး၊ စုတ်ပြီးဆိုရင် အသစ်ကို ဝယ်ရပါတယ်။ အသစ်ကို စီးပြီဆိုရင် အဟောင်းကို ထားခဲ့ရပါတယ်။ အဟောင်းကို မပစ်နိုင်တဲ့ ဖာရီဇေဦးတွေကို ဒီနေ့ ဘုရားက ပြောနေပါတယ်။ ဆိုလိုချင်တာက ငါးပစ်ခွင့်နှင့် အမှိုက်ပစ်ခွင့် ဆိုတာကို အသင်းတော်ထဲမှာ ရှိနေတဲ့ အချိန်ကာလမှာ ကျွန်ုပ်တို့ အကျင့်ဟောင်းကို စွန့်ပစ်ပြီး ခရစ်တော် သွန်သင်ပေးနေတဲ့ ပဋိညာဉ်အသစ်ကို ဝတ်ဆင်ဖို့ အရေးကြီးပါတယ်။ ကျွန်ုပ်တို့ ဘဝသက်တာမှာ ရှိနေတဲ့ မကောင်းတဲ့ အကျင့်လေးတွေ၊ ဉာဏ်ဆိုးလေးတွေကို ပစ်ခွါပြီးတော့ လက်ရှိမှာ ဘုရားသခင်က အသင်းတော်အားဖြစ်လည်းကောင်း၊ တစ်စုံတစ်ဦးအားဖြင့် သော်လည်းကောင်း ပြောပြနေတဲ့ ပဋိညာဉ်အသစ်တွေ၊ သွန်သင်မှုအသစ်တွေ၊ တရားစကားတွေကို ဖက်တွယ်ရမှာဖြစ်တယ်။
#Fr.ရောဘတ် ကျော်သူ (MSP)