Mt 13: 54-58 မှာ ခရစ်တော်က သူ့ရဲ့ဇာတိကို ပြန်လာတဲ့ အခါကျတော့ လူတွေက သူ့ကို အထင်သေးတဲ့ ပုံစံနဲ့ ပြောကြတယ်။ သူက ငါတို့သိတဲ့ ဘယ်သူရဲ့သား၊ ဘယ်သူ့ကလေး ဆိုပြီးတော့မှ ခရစ်တော် ပြောတဲ့အရာတွေကို လက်မခံကြဘူး။ ဒါကိုကြည့်တဲ့အခါကြတော့ ကျွန်ုပ်တို့ အသိုင်းအဝိုင်းမှာ တွေ့ရတယ်။ စကားပုံလည်း ရှိတယ်။ တစ်ခြားခြံက မြက်က ပိုစိမ်းတယ်တဲ့။ အဖြစ်အပျက်တွေကနေ သော်လည်းကောင်း၊ ကလေးတွေက နေသော်လည်းကောင်း စစ်ဆေးလို့ရတယ်။ တရားသဘောကို ကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်က ဖြစ်ပျက်နေတဲ့ ဘဝဖြစ်ပျက်မှုတွေ အားလုံးကနေ ကြည့်မယ်ဆို၊ ယူတတ်မယ်ဆို တရားသဘောတွေပဲ။ ဘုရားစကားတွေပဲ။ ဒါပေမဲ့ ဖြစ်တတ်တာက ဘုရားကျောင်းရောက်မှ ဘုန်းကြီးက တရားဟောမှ တရားပဲလို့ထင်တာ။ အထူးသဖြင့် နိုင်ငံခြားသား ဟောမှ၊ ဘွဲ့ရတစ်ယောက်ဟောမှ၊ ပလ္လင်ပေါ်ကဟောမှ။ ဒါတွေက ကျွန်ုပ်တို့ရဲ့ စိတ်ဓာတ်ကို ပြင်ဖို့လိုတယ်ဆိုတာ ပြောပြနေတယ်။ ဒီနေ့ သူ့လူမျိုးတွေအတွက် သခင်ခရစ်တော်ဟာ ကျမ်းတတ်ဆရာ မဟုတ်ဘူး။ ပညာတတ်ပုဂ္ဂိုလ်လည်း မဟုတ်ဘူး။ သူ့လူမျိုးတွေရှေ့မှာ နေရာရနေတာကတော့ ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေဦးတွေပါ။ သူတို့ဟောမှ တရားရတယ်လို့ ထင်နေတာ။ ဒီနေ့ ခရစ်တော်က ဘုရားဆီက ရတဲ့ ဉာဏ်ပညာတွေနဲ့ ဟောတဲ့အခါမှာ ထူးခြားတဲ့ လက္ခဏာတွေ့ရတယ်။ ဒီအခါမှာ သူ့လူမျိုးတွေက လူပုဂ္ဂိုလ်ကို ကြည့်ပြီးတော့ တရားကို မမြင်တော့ဘူးဆိုတာ တွေ့ရတယ်။ လူပုဂ္ဂိုလ်ကို ကြည့်တယ်ဆိုတဲ့နေရာမှာ ဘုရားက ရုပ်ပျက်၊ ဆင်းပျက် ဝတ်ဆင်လို့၊ လူမဆန်တဲ့ လူဆိုးတွေလို တရားဟောလို့ မဟုတ်ဘူး။ ဒီမှာ သူတို့မြင်တာက သူ့ရဲ့ မိသားစု ဆင်းရဲနွမ်းပါးမှု၊ ရိုးရိုးသာမန် နေထိုင်မှုတွေကို ကြည့်ပြီး သူ့ရဲ့ တရားတွေကို လက်မခံနိုင်တာဖြစ်တယ်။ ဒီအခါမှာ ဘုရားက ပြောပါတယ်။ ဘယ်ပရောဖက်မှ သူ့ရဲ့မြို့မှာ အထင်ကြီးခြင်း မခံရဘူးတဲ့။ ကျွန်ုပ်တို့ စဉ်းစားသင့်တာကတော့ ကိုယ့်မိသားစုထဲကပဲဖြစ်ဖြစ်၊ ကိုယ့်ရပ်ရွာကပဲ ဖြစ်ဖြစ်၊ ဘုရားအလုပ်ကိုလုပ်ပြီး ဘုရားကသူ့ကို အသုံးချပြီဆိုရင် ဘုရားကပြောခိုင်းတဲ့စကား၊ ဘုရားလုပ်ခိုင်းတဲ့အလုပ်ကို လုပ်ရင် အဲဒီပုဂ္ဂိုလ်ကို မြင်တာထက် ဘုရားရဲ့စကား၊ ဘုရားရဲ့ တရားတွေ နှလုံးသားထဲကို စီးဝင်ဖို့ အရေးကြီးပါတယ်။ တရားဆိုတဲ့အမျိုးကတော့ လက်ခံမှုပေါ် မူတည်ပြီးတော့ အကျိုးက ထူးတတ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)