၂၄။ သူတို့သည် ယေဇူးနှင့် တပည့်တော်တို့ ထိုအရပ်၌မရှိကြောင်းကို သိမြင်ကြသောအခါ လှေများပေါ်သို့တက်ကြပြီး ကာဖာနာအုမ်မြို့သို့ သွားကြ၍ ယေဇူးကိုရှာကြ၏။
၂၅။ သူတို့သည် ကိုယ်တော့်ကို ပင်လယ်တစ်ဖက်ကမ်း၌ တွေ့မြင်ကြလျှင် ရာဘီ၊ မည်သည့်အချိန်က ဤအရပ်သို့ ရောက်လာခဲ့ပါသနည်းဟု ကိုယ်တော်အား မေးကြ၏။-
၂၆။ ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ကြရသောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့်သာ ငါ့ကိုရှာကြ၏။-
၂၇။ ပျက်စီးတတ်သော အစာအတွက် မကြိုးစားကြနှင့်။ ထာ၀ရအသက်၌ တည်စေခြင်းငှာ လူသားသည် သင်တို့အား ပေးမည့်အစာအတွက် ကြိုးစား အားထုတ်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် သူ့အပေါ် ၌ မိမိ၏တံဆိပ်ကိုခတ်နှိပ်တော်မူ လေပြီဟု မိန့်တော်မူ၏။-
၂၈။ ထိုအခါ သူတို့က ဘုရားသခင်၏ အမှုတော်များကို ဆောင်ရွက်နိုင်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုလုပ်ရမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြ၏။-
၂၉။ ယေဇူးကလည်း ထာ၀ရဘုရား သခင်နှစ်သက်တော်မူသော အမှုအရာသည်ကား ကိုယ်တော်ရှင် စေလွှတ်တော်မူသောသူကို သင်တို့ယုံကြည်ခြင်းပင် ဖြစ်သတည်းဟု သူတို့အား ပြန်ဖြေတော်မူ၏။-
၃၀။ ထို့ကြောင့် သူတို့က အကျွန်ုပ်တို့မြင်၍ ကိုယ်တော့်ကို ယုံကြည်နိုင်ကြရန် ကိုယ်တော်သည် မည်သည့်တန်ခိုး လက္ခဏာကိုပြပါမည်နည်း။ ကိုယ်တော်သည် မည်သည့်အမှုကို ပြုပါမည်နည်း။-
၃၁။ ကျမ်းစာတော်မြတ်၌ ကိုယ်တော်သည် သူတို့စားရန် ကောင်းကင်မှမုန့်ကိုပေးတော်မူ၏ဟူ၍ ရေးထားသည်နှင့်အညီ အကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နာမုန့်ကိုစားခဲ့ကြရသည်ဟု ကိုယ်တော်အား ပြန်လျှောက်ကြ၏။-
၃၂။ ထိုအခါ ယေဇူးက သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သောသူသည် မိုးဇက်မဟုတ်။ ငါ၏ခမည်းတော်သည် ကောင်းကင်မှ မုန့်အစစ်အမှန်ကို သင်တို့အား ပေးတော်မူ၏။-
၃၃။ အကြောင်းမူကား ဘုရားသခင်၏ မုန့်တော်သည် ကောင်းကင်မှဆင်းလာ၍ ဤလောကကို အသက်ပေးသောမုန့် ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
၃၄။ သူတို့ကလည်း သခင်၊ ဤမုန့်ကို အကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု ကိုယ်တော်အား လျှောက်ကြလေ၏။
၃၅။ ယေဇူးကလည်း သူတို့အား မိန့်တော်မူသည်ကား ငါသည် အသက်၏မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည်မဟုတ်။ ငါ၌ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်လိမ့်မည်မဟုတ်။-